ကြံခင်း၊မြန်အောင်မြို့နယ်ရှိ  ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများကို တိုင်းမှူးက စားစရာများပေးပြီး PDF သတင်းပေးရန် စည်းရုံး

By မင်းထက်(မဇ္စျိမ)
28 July 2023
ကြံခင်း၊မြန်အောင်မြို့နယ်ရှိ  ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများကို တိုင်းမှူးက စားစရာများပေးပြီး PDF သတင်းပေးရန် စည်းရုံး

ကြံခင်းမြို့နယ်နှင့်   မြန်အောင်မြို့နယ်များရှိ သက်ကြီးပိုင်း ပြည်သူ့စစ်များနှင့် စစ်မှုထမ်းဟောင်းများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူး
 ဗိုလ်မှူးချုပ် ကြည်ခိုင်က စားစရာများပေးပြီး  PDFများ၏ သတင်း စုံစမ်းပေးပို့ရန် လိုက်လံစည်းရုံးနေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင် မြန်အောင်မြို့နယ်အခြေစိုက် ခလရ (၅၁) ခြေလျင်တပ်ရင်းအတွင်းရှိ ခန်းမတစ်ခုအတွင်းသို့ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များကို တိုင်းမှူးက ခေါ်ယူတွေ့ဆုံခဲ့ပြီး စားစရာများနှင့် ယူနီဖောင်းများပေး၍  စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

"ဆန်၊ ဆီ၊ ဆား၊ကြက်ဥ၊ ပဲနဲ့ ယူနီဖောင်းလေးတွေခေါ်ပေးပြီး PDF တွေ လှုပ်ရှားတဲ့ သတင်းတွေ ပေးဖို့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ စည်းရုံးတာပါ။အဲ့ဒီလူတွေ(ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများ) သတင်းတော့ ပေးရင်ပေးရဲလိမ့်မယ်။ ဘာမှတော့ လုပ်ရဲမယ့်သူတွေ မဟုတ်ဘူး။ ဘာလို့ဆိုအကုန်လုံးက အိုနာကျိုးကန်းတွေချည်းပဲလေ"ဟု  ၎င်းက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း၊ ကြံခင်းနှင့် မြန်အောင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်း စုစုပေါင်း ဦးရေ ၅၀ ခန့် တက်ရောက်ခဲ့သည်ဟု ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။

ကြံခင်းမြို့နယ်၊ မင်းသီရီ (၁) ရပ်ကွက် ၊ မင်းရဲကျော်စွာလမ်းတွင် စစ်မှုထမ်းဟောင်းရုံး ရှိသည်ဟု သိရပြီး မြန်အောင်နှင့် ကြံခင်း မြို့နယ်နှစ်ခုပေါင်း စစ်မှုထမ်းဟောင်းနှင့် ပြည်သူ့စစ်အင်အား ၁၀၀ ခန့်ရှိနိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုသို့ ခေါ်ယူစည်းရုံးမှုနှင့် ပတ်သက်၍  "စစ်သားအင်အားလျော့နည်းလာလို့ နောက်ဆုံးကျည်အနေနဲ့ သက်ကြီးရွယ်အိုတွေကို ခေါ်စည်းရုံးတာနေမယ်။ တပ်ထဲဝင်မယ့်သူကလည်း မရှိတော့ဘူးလေ။ ဗိုလ်သင်တန်းဆိုရင်လည်း အမှတ်လျှော့ခေါ်တာတောင် တက်မယ့်သူ မရှိသလောက်နည်းနေတာဆိုတော့ လက်နက်အင်အားချင်းသာ ယှဥ်နိုင်ရင် စစ်တပ်ကရှုံးနေတာကြာပြီ" ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်သုံးသပ်သည်။

ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ဟင်္သာခရိုင်အတွင်းရှိ ဟင်္သာတ၊ကြံခင်း၊မြန်အောင်၊အင်္ဂပူ၊လေးမျက်နှာနှင့် ဇလွန်မြို့နယ်တို့၌ တောတွင်းဝင်ပေါက်၊ ထွက်ပေါက်များအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀၀ ခန့်က ပိတ်ဆို့ထားပြီး ထိုမြို့နယ်များအတွင်း တောအုပ်များနှင့် ထိစပ်နေသည့် ကျေးရွာများတွင်လည်း ပြည်သူ့စစ်များနှင့် စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီတပ်က အရပ်ဝတ်များ ဝတ်ဆင်ခိုင်းကာ သတင်းထောက်လှမ်းမှုများ ပြုလုပ်နေသည်ဟု မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly