မြန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်က PDF စခန်းကို  မီးရှို့ဖျက်ဆီး

By မင်းထက် (မဇ္စျိမ)
04 June 2023
မြန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်က PDF စခန်းကို  မီးရှို့ဖျက်ဆီး

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ  ၂ ရက်၌  စစ်ကောင်စီတပ်နှင့် ရဲများက PDF စခန်းရှိ လက်နက်နှင့် ပစ္စည်းများကို သိမ်းဆည်းပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါစခန်းရှိ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ၊ ခဲယမ်းများ၊ လက်လုပ်စိန်ပြောင်း၊ လက်နက်ထုတ်လုပ်ရေး ပစ္စည်းများ၊ ရိက္ခာများနှင့် ဆေးဝါးများကို သိမ်းဆည်းခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ 

"ဘယ်အဖွဲ့ရဲ့ စခန်းဆိုတာကို ကျွန်တော်တို့ သိပါတယ်။လုံခြုံရေးအရပြောလို့ အဆင်မပြေလို့ပါ။အဲ့ဒီစခန်းမှာရှိတဲ့ ပစ္စည်းတချို့ကို မီးရှို့ပြီး တချို့ကိုတော့ သိမ်းသွားတယ်။ လူတွေတော့ အကုန်လုံးဘေးကင်းတယ်လို့ သိရပါတယ်" ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မီးရှိုဖျက်ဆီးခံရသည့် PDF စခန်းမှာ ဘန့်ဘွေးကုန်းကျေးရွာ အနောက်ဘက် သစ်တောကြိုးဝိုင်းအတွင်းရှိပြီး စစ်ကောင်စီသတင်းပေးများက သတင်းပေးတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာခရိုင်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစု  အဖွဲ့ဝင်က ပြောသည်။

PDF စခန်း မီးရှို့ခံရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ မှစတင်ကာ ဟင်္သာခရိုင်အတွင်းရှိ တောအုပ်များအတွင်းသို့ စစ်ကြောင်းထိုးမှုများ၊ တောနင်းရှာဖွေမှုများ ယခင်ကထက်ပိုမိုပြုလုပ်နေသည်ဟုသိရပြီး ဒေသခံ အရပ်သားများအား မတရားဖမ်းဆီးမှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဟိုင်းကြီးကျွန်းမြို့၊ သံပုရာကုန်းကျေးရွာ အနောက်ဘက်တောအတွင်း စခန်းချထားသည့် PDF စခန်းမှ တပ်ဖွဲ့ဝင် တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များကဖမ်းဆီးပြီး စခန်းရှိ လက်နက်ခဲယမ်းအချို့ကို စစ်ကောင်စီတပ်က သိမ်းဆည်းခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly