မိုဂါဒစ်ရှုး၊ ဇွန် ၂၇ ။ ။ ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှုးရှိ နာမည်ကြီးဟိုတယ်တစ်ခုအား အယ်ရှာဘတ်အစ္စလာမ်မစ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်မှု၌ ဆိုမာလီဝန်ကြီးတစ်ဦးပါ အသတ်သေဆုံးသည်။
ပြီးခဲ့သည့် ဇွန် ၂၆ ရက်က အစွန်းရောက်အယ်ရှာဘတ်များက နာဆိုဟာဘလိုဟိုတယ်အားဝင်စီးပြီး ဓားစာခံများကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဟိုတယ်အပြင်တွင် ကားဗုံးဖောက်ခွဲခဲ့သည်။
ဟိုတယ်တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၁၅ ဦးရှိပြီး ဆိုမာလီပတ်ဝန်းကျင်ရေးရာဝန်ကြီး ဘူရီမိုဟာမတ်လည်း သေဆုံးသူများတွင် ပါဝင်ခဲ့သည်။
အယ်ရှာဘတ်သူပုန်များက ကုလသမဂ္ဂထောက်ခံသော ဆိုမာလီအစိုးရကို ဖြုတ်ချနိုင်ရေးအတွက် တိုက်ခိုက်မှုများ မကြာခဏဆင်နွှဲသည်။
နိုင်ငံရေးသမားများနှင့် ကမ္ဘာလှည့်ခရီးသွားများလာရောက်မှုများသော ယင်းဟိုတယ်အတွင်း သူပုန်များဝင်ရောက်လာပြီး သေနတ်ဝှေ့ယမ်းပစ်ခတ်ရာ ဝန်ကြီးဘူရီပါ ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောသည်။
ဟိုတယ်တိုက်ခိုက်သူများနှင့် ဆိုမာလီတပ်ဖွဲ့များကြား တိုက်ပွဲတစ်ရပ်ဖြစ်ပွားခဲ့ရသည်။
ယခုလအစောပိုင်းကလည်း အယ်ရှာဘတ်စစ်သွေးကြွများက မိုဂါဒစ်ရှုးရှိ အခြားဟိုတယ်တစ်ခုကို တိုက်ခိုက်ခဲ့ရာ၌ လူ ၀ သေဆုံးကာ ၅၀ ဒဏ်ရာရသည်။ အယ်ရှာဘတ်အဖွဲ့သည် အယ်ခိုင်ဒါနှင့် ချိတ်ဆက်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှုးမှ တိုက်ထုတ်ခံရသော်လည်း ခြိမ်းခြောက်မှုများ၊ တိုက်ခိုက်မှုများကို အခါမလပ်ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။