ပဥ္စမအကြိမ်မြောက် Miss Myanmar International 2016 အလှမယ်ပြိုင်ပွဲ စက်တင်ဘာလ ၃ရက်တွင် ပြုလုပ်မည်

ပဥ္စမအကြိမ်မြောက် Miss Myanmar International 2016 အလှမယ်ပြိုင်ပွဲ စက်တင်ဘာလ ၃ရက်တွင် ပြုလုပ်မည်

ရန်ကုန်၊ ဇွန် ၁၄ ။            ။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းမှ ဦးစီးပြီး ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်မည့် Miss Myanmar International 2016 အလှမယ်ပြိုင်ပွဲကို စက်တင်ဘာလ ၃ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းမှ ကြီးမှူးကျင်းပမည့် Miss Myanmar International 2016 ကျင်းပပြုလုပ်မည့်အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇွန်လ ၁၃ရက်တွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

Miss Myanmar International Organization မှ ဒေါ်တင်မာမြင့်က "နှစ်တိုင်းတော့ ပိုပိုပြီးကောင်းအောင် ကြိုးစာပြီးလုပ်နေပါတယ်။ အခု လျှောက်လွှာတွေစခေါ်တယ်။ ပြီးရင် အယောက်၂၀ရွေးမယ်။   ရွေးပြီးတော့မှ သူတို့ကို ဘယ်လိုတွေ Training တွေလုပ်မယ်။ ဘယ်နေရာတွေမှာ ပရဟိတတွေသွားလုပ်မယ် ဆိုတာကို ထပ်ပြီးတော့ သတင်းစာရှင်းလင်းပွဲထပ်လုပ်မှာပါ" ဟုပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အဆင့်ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် လိုသော အလှမယ်များ ရွေးချယ်စေလွှတ်ရန် ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကဏ္ဍများတွင် မြန်မာအမျိုးသမီးများမှ တစ်တပ်တစ်အားပါဝင်လာခြင်းကို မြှင့်တင်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းမှ စိတ်ဝင်စား ဖွယ်ရာဒေသများကို ဖော်ထုတ်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။

Miss Myanmar International 2016 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာများကို စတင် လျှောက်ထားနိုင်ပြီ ဖြစ်ပြီး လျှောက်လွှာများကို Miss Myanmar International ဖေ့ဘုတ်စာမျက်နှာတွင် ရယူနိုင်ပြီး ဇူလိုင် ၃၁ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

ပြိုင်ပွဲအတွက် လာရောက် လျှောက်ထားမည့် ပြိုင်ပွဲဝင်များထဲမှ ကနဦး အနေဖြင့် ဆန်ကာတင် အယောက် ၂၀ကို ရွေးချယ်သွားမည်ဖြစ်ပြီး ထိုအယောက် ၂၀ မှ Miss Myanmar International 2016 Final ပြိုင်ပွဲကို ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Miss Myanmar International အလှမယ်ရွေးချယ်ပွဲကို ၂၀၁၂ခုနှစ်မှ စတင်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်တွင် ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ခုနှစ်တွင် ခင်ဝေဖြိုးဟန်နှင့် ၂၀၁၅ခုနှစ်တွင် အမရာငြိမ်းတို့မှ ရွေးချယ်စေလွှတ်ခြင်း ခံခဲ့ရသည်။

Miss Myanmar International အဖြစ် ရွေးချယ်ခံရသူများသည် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် Miss International Beauty Pageant ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆၅နိုင်ငံမှ အလှမယ်များနှင့်အတူ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခုနှစ်တွင်လည်း Miss Myanmar International 2016 ရွေးချယ်ခြင်းခံရသူသည် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss International Beauty Pageant ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required