ကြည်လင်း၏ လုပ်ရပ်အပေါ် နားလည်ပေးနိုင်သည် ဟု ရတနာပုံနည်းပြ ရီနီ ဆို

ကြည်လင်း၏ လုပ်ရပ်အပေါ် နားလည်ပေးနိုင်သည် ဟု ရတနာပုံနည်းပြ ရီနီ ဆို
ပွဲချိန်နောက်ဆုံးမိနစ်၌ ကြည်လင်းက ရဲကိုဦးအား ဥပဒေပ ဖျက်ထုတ်နေစဉ် (ဓာတ်ပုံ - ရွှေဘုတ်)

ဇွန် ၁၃ ၊ ရန်ကုန် ။                ။ မြန်မာနေရှင်နယ်လိဂ်၏ အဓိက ပြိုင်ဘက်နှစ်သင်းဖြစ်သည့် ရန်ကုန်နှင့် ရတနာပုံအသင်းတို့ ပွဲတွင် နောက်ဆုံးမိနစ်၌ ကြည်လင်းက ရဲကိုဦးအား ဥပဒေပြင်ပကျူးလွန် လိုက်သည့် လုပ်ရပ်အပေါ် နားလည်ပေးနိုင်သည် ဟု ရတနာပုံနည်းပြရီနီက ဆိုသည်။

အဆိုပါပွဲတွင် ကြည်လင်းသည် ပွဲချိန်နောက်ဆုံးမိနစ်၌ ဂိုးဧရိယာအတွင်း ရဲကိုဦးအား နောက်မှ ဖျက်ကန်လိုက်သော်လည်း ဒိုင်လူကြီး ဦးဝင်းထွဋ်က ပင်နယ်တီသာပေးခဲ့ပြီး အနီကတ်ပြစ်ဒဏ် ပြသခြင်း မရှိပဲ အဝါကတ်သာပြသခဲ့သည့်အတွက် အငြင်းပွားဖွယ်ရာများ ဖြစ်ပျက်ခဲ့သည်။

ယင်းပွဲတွင် ရန်ကုန်အသင်းက ကျော်ကိုကို၏ ဖရီးကစ်ဂိုးဖြင့် ဦးဆောင်နေခဲ့သော်လည်း ပထမပိုင်းပြီးခါနီး၌ ရတနာပုံမှ လှိုင်းဘိုဘို၏ ချေပဂိုးနှင့် အနိုင်ဂိုးများကို ခွင့်ပြုခဲ့ရသည့်အတွက် အိမ်ကွင်းတွင် ရန်ကုန်အသင်း ၁-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။

“ ကြည်လင်းက ဒီနေ့ပွဲမှာ တစ်ပွဲလုံး ကစားတာ ကောင်းပါတယ်။ နောက်ဆုံးမိနစ်မှာ ကြည်လင်း၏ ဂိုးမပေးရအောင် တားဆီးမှုကို နားလည်ပေးနိုင်ပါတယ်။ ဒိုင်နဲ့ပတ်သက်ရင်တော့ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း တချို့ပွဲကြီးတွေမှာ ဆုံးဖြတ်ချရတာ သူတို့အတွက် ခက်ခဲပါတယ်။

ဒိုင်ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော်တို့ အသင်းအနေနဲ့တော့ အဝေးကွင်းမှာ လာကစားရတဲ့အတွက် နိုင်အောင် အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။
ဒီအတွက်လည်း အနိုင်ရလဒ်ရအောင် ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ကစားသမားတွေကို ချီးကျူးပါတယ် ” ဟု ရတနာပုံနည်းပြရီနီက ရန်ကုန်နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရတနာပုံအသင်းသည် လက်ရှိ မြန်မာနေရှယ်နယ်လိဂ် ပွဲစဉ် ၁၃ ကစားပြီးချိန်၌ ၁၁ ပွဲနိုင် နှစ်ပွဲသရေ ရှုံးပွဲမရှိရလဒ်ဖြင့် ရမှတ် ၃၅ မှတ် ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာမှ ရန်ကုန်အသင်းအား ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required