ဇင်ဘာဘွေနိုင်ငံရှိ အကျဉ်းထောင်များထဲတွင် လူများပြားလွန်းနေ၍ အကျဉ်းသား အများအပြားကို ပြစ်ဒဏ်မစေ့မီ ပြန်လွှတ်ပေးခဲ့

ဇင်ဘာဘွေနိုင်ငံရှိ အကျဉ်းထောင်များထဲတွင် လူများပြားလွန်းနေ၍ အကျဉ်းသား အများအပြားကို ပြစ်ဒဏ်မစေ့မီ ပြန်လွှတ်ပေးခဲ့

မေ ၂၇ ။             ။ ဇင်ဘာဘွေနိုင်ငံရှိ အကျဉ်းထောင်များထဲတွင် အကျဉ်းကျခံရသူဦးရေမှာ များပြားလွန်းနေခဲ့ရာ လူလျှော့သည့်အနေဖြင့် အာဏာပိုင်များက အမှုငယ် အကျဉ်းသား ၂,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မေလ ၂၆ ရက်က လွှတ်ပေးလိုက်သည့် အကျဉ်းသားများကို နောက်တစ်ကြိမ် ပြစ်မှု ထပ်မံမကျူးလွန်ကြရန် အာဏာပိုင်များက ဆိုဆုံးမပြောကြားလိုက်သည်ဟုလည်း သိရသည်။
ယခု လွှတ်ပေးလိုက်သော အကျဉ်းသားများထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသား၊အမျိုးသမီး အများစု ပါဝင်သည်ဟု  ဆိုသည်။

" ခုလွတ်သွားတဲ့ အကျဉ်းသားတွေအနေနဲ့ကတော အပြင်ရောက်သွားတာနဲ့ နိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့တော့ လိုပါလိမ့်မယ်" ဟု အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်သော ပရစ်ဆီလာ အမ်သမ်ဘိုက ပြောသည်။

အစိုးရ၏ ယခု လွတ်ငြိမ်းချမ်းသာခွင့်တွင် နေထိုင်းမကောင်းဖြစ်နေသော အကျဉ်းသားများ၊ သုံးနှစ်အောက် ကျခံနေရသူများနှင့် ပြစ်ဒဏ်ကာလ၏ အနည်းဆုံး လေးပုံ ပုံ တစ်ပုံ ကျခံထားပြီးသူများလည်း အကျုံးဝင်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် လူသတ်မှု၊ မုဒိန်းမှု ၊ လက်နက်ကိုင် ဓါးပြတိုက်မှု နှင့် ပြန်ပေးဆွဲမှု စသည့် အမှုကြီးများဖြင့် ကျခံနရသူများ ပါဝင်ခြင်းမရှိပေ။

" နိုင်ငံမှာ ရှိတဲ့ အကျဉ်းထောင် ၄၆ ခုစလုံးက လူများလွန်းနေလို့ ထောင်နှင့် မဆံ့သလောက်ဖြစ်နေခဲ့တာပါ၊ ခုလို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်လည်း ထောင်ထဲမှာ ဆက်လက်ကျခံနေရမယ့် တစ်ခြား အမှုကြီးအကျဉ်သားတွေအတွက်လည်း နေရထိုင်ရတာတာ အရင်ထက် အဆင်ပြေအောင်လို့ပါ" ဟု အမ်သမ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required