တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ညီညွတ်ရန် ရှမ်းပြည်လက်နက်ကိုင် တော်လှန်ရေးနေ့တွင် SSPP တိုက်တွန်း

တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ညီညွတ်ရန် ရှမ်းပြည်လက်နက်ကိုင် တော်လှန်ရေးနေ့တွင် SSPP တိုက်တွန်း

ချင်းမိုင်၊ မေ ၂၂ ။            ။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ စည်းလုံး ညီညွတ်၍ တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို အတူပူးပေါင်း တိုက်ပွဲဝင်ကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)က ၅၈ နှစ်မြောက် ရှမ်းပြည်လက်နက်ကိုင် တော်လှန်ရေးနေ့တွင် တိုက်တွန်းလိုက်သည်။

SSPP/SSA က မေလ ၂၁ ရက်တွင် ကျရောက်သော ၅၈ နှစ်မြောက် ရှမ်းပြည်လက်နက်ကိုင် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သဘောထား ကြေငြာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မိမိတို့နှင့် ဘဝတူ တိုင်းရင်းသား ညီအစ်ကိုများဖြစ်သည့် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ တစ်စုတစ်စည်းပူးပေါင်း လက်တွဲကြကာ မိမိတို့ တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို ညီညွတ်သော စုပေါင်းအားဖြင့် အတူတကွ ဘက်စုံ တိုက်ပွဲဝင်သင့်ပါကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SSPP/SSA သည် ရဟန်းရှင်လူ၊ ပြည်သူလူထုများ၏ လိုအင်ဆန္ဒအတိုင်း နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် ရှေ့ဆက်ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း ပါရှိသည်။

၅၈ နှစ်မြောက် ရှမ်းပြည်လက်နက်ကိုင် တော်လှန်ရေးနေ့ အထိန်းအမှတ်နေ့တွင် SSPP/SSA ဌာနချုပ်တွင် ဂုဏ်ပြုအလံတင်ခြင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ကျဆုံးလေပြီးသော တော်လှန်ရေး အာဏာနည် သူရဲကောင်း အပေါင်းတို့အား အလေးပြုသည့် အခမ်းအနား ကျင်းပခဲ့သည်ဟု သိရသည်။

၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ရှမ်းမျိုးချစ်လူငယ် ၃၁ ဦးပါဝင်သော အဖွဲ့က မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်း တစ်နေရာတွင် သျှမ်းပြည်လွတ်လပ်ရေး ရရှိရန် နယ်ချဲ့ ဗမာတပ်မတော်ကို တွန်းလှန်ရန်အတွက် သွေးသစ္စာသောက်ကာ တော်လှန်စတင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းတစ်ခုအရ သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း မေလ ၁၂ ရက်မှစတင်၍ တပ်မတော်ဘက်မှ SSPP/SSA တပ်စခန်းရှိရာသို့ အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်ခဲ့ပြီး တပ်မတော်ဘက်မှ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် စစ်ပြေးဒုက္ခသည်များ ရာချီထွက်ပြေးတိမ်းရှောင်နေရပြီ ဖြစ်သည်။

သို့သော် မေ ၂၁ရက် နှင့် ၂၂ရက်တွင် ကျောက်မဲမြို့နယ်အတွင်း တည်ငြိမ်လျက်ရှိသော်လည်း တပ်မတော်ဘက်မှ စစ်ရေးလှုပ်ရှားမှု ရှိနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required