ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရန်ပြုခံရ

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရန်ပြုခံရ
(ဓာတ်ပုံ-ဦးညီညီ)

ရန်ကုန်၊ မေ ၂၀ ။             ။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား လွှတ်တော်အစည်းဝေးသွားရောက်စဉ် လမ်း၌ ကား သမားတစ်ဦးက ဆဲဆို ကြိမ်းမောင်းကာ ရန်ပြုခံခဲ့ရကြောင်း ကာယကံရှင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီမှာ မေလ ၂၀ရက်က ဒုတိယအကြိမ်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းဝေး တက်ရောက်ရန် အသွားတွင် တောင်ဒဂုံမြို့နယ် (၁၈)ကွေ့ မီးပွိုင့်အနီး၌ ယခုကဲ့သို့ ရန်ပြုခံခဲ့ရခြင်းဖြစ်ကြောင်း ဦးညီညီက ပြောသည်။

"ကျွန်တော့် အိမ်နဲ့မလှမ်းမကမ်းပဲဗျ။ အဲဒီနားက ၁၈ကွေ့ မီးပွီုင့်မှာ အဲဒီကားက မဖြတ်ဘဲနဲ့ ရှေ့ကရပ်နေလို့ ကျွန်တော်က ကောင်းကောင်းမွန်မွန်ပဲ ပြောလိုက်တာ။ သူတို့မှာ အစီစဉ်ပဲ ရှိသလားတော့ မသိဘူးပေါ့ဗျာ။ လမ်းဘေးလေးချဖို့ပဲ ပြောတာကို ချက်ချင်းပဲ တုန့်ပြန်ပြီးဆဲတာ။ အဲတာနဲ့ ကားကိုဘေးချပြီးတော့ ဆင်းသွား ပြီးသွားပြောလိုက်တာ။ ခင်ဗျား ဘာလို့ဆဲတာလဲလို့ပြောတော့ ချက်ချင်းပဲ အင်္ကျီတွေ ကောက်ချွတ်ပြီးတော့ ရင်ဘတ်ဟပြဲနဲ့။ အရုပ်တွေနဲ့ တစ်ကိုယ်လုံးမှာလည်း။ ကျွန်တော့်ကို သတ်မယ့်ဖြတ်မယ့် ပုံစုံမျိုးနဲ့ အနားကပ် လာတာ" ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ ပြုမူလာသည့်အတွက် ကားပေါ်သို့ ပြန်တက်ကာမောင်းထွက်ခဲ့သော်လည်း အဆိုပါ တက္ကဆီသမားများက နောက်မှလိုက်လာကာ ထပ်မံကြိမ်းမောင်းခဲ့သည့်အတွက် တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးထံသို့ ဖုန်းဖြင့်အကြောင်းပြီး ရဲစခန်းဘက်သို့ မောင်းနှင်ရာတွင် ပြန်လည်မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူးထံ သွားရောက်၍ အချက်အလက်များပေးပို့ခဲ့ပြီး ရဲတပ်ကြပ်တစ်ဦး လုံခြုံရေးလိုက်ပါ၍ လွှတ်တော်သို့ ပို့ဆောင်ပေးခဲ့ရကြောင်း ၎င်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့နှင့် ယဉ်ထိမ်းရဲတပ်ဖွဲ့ဝင် အချို့က လိုက်လံစုံစမ်းခဲ့ရာ မော် တော်ယဉ်ပိုင်ရှင် လိပ်စာကို ရရှိထားပြီး လွှတ်တော်အမတ်ကို ရန်ပြုသူများ မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက မဇ္ဈိမကို ပြောသည်။

"အင်းစိန်ဘက်က ဖြစ်တယ်။ ဒါပေမယ့်လည်း ဒဂုံတောင်ထဲက လူလည်း ဖြစ်နိုင်တာပဲလေ။ ကိုယ်ထိလက်ရောက်တော့ ဘာမှ ဖြစ်တာမရှိပါဘူး။ ကားကားချင်းနည်းနည်း ကားကျော်တက်တာနဲ့ ကတောက် ကဆလေးဖြစ်တာပါ။ ဆဲတာဆိုတာတော့ ဖြစ်သွားတာပေါ့။ သူကတော့ အမှုမ ဖွင့်ပါဘူး။ ဒါပေမယ့် အဲလိုဖြစ်သွားတော့ ကိုယ်တို့လည်းလိုက်စုံစမ်းပြီးတော့ ကားသမားကို သတိပေးမှာပေါ့"ဟု ဒုရဲမှူးက ပြောသည်။

မေလ ၁၉ရက် ညနေပိုင်းကလည်း လွှတ်တော်မှအပြန် တောင်ဒဂုံမြို့နယ် ကျောက်လမ်းကွေ့တွင် ခရီးသည်တင် BM ကား တစ်စီးမှ ယဉ်မောင်းနှင့် ယဉ်အကူတို့က ဦးညီညီအား မချေမငံ ပြောဆို ကြိမ်းမောင်းခဲ့၍ ရဲစခန်းသို့ တိုင်ကြားခဲ့ရပြီး ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာတွင် BM ယဉ်မောင်းနှင့် ယဉ်အကူတစ်ဦးမှ ထွက်ပြေးသွားခဲ့ပြီး ယဉ်အကူတစ်သာ ဖမ်းမိခဲ့ကြောင်း ဦးညီညီ၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required