ရှမ်းမြောက်တွင် တပ်မတော်မှ စစ်လေယာဉ်ဖြင့် တိုက်နေဟုဆို

ရှမ်းမြောက်တွင် တပ်မတော်မှ စစ်လေယာဉ်ဖြင့် တိုက်နေဟုဆို
(ဓာတ်ပုံ-အီးပီအေ)

ချင်းမိုင်၊ မေ ၁၅ ။             ။ ရှမ်းမြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ယခုရက်ပိုင်းတိုက်ပွဲပြန်ဖြစ်နေပြီး တပ်မတော်ဘက်မှ စစ်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်နေသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)ဘက်က ပြောဆိုလိုက်သည်။

မေလ ၁၂ ရက်မှ ၁၄ ရက်အတွင်း သုံးရက်ကြာ ကျောက်မဲမြို့ အနောက်တောင်ဘက် ၈မိုင်ခန့်အကွာ ပုံးဝိုးဟိုင်းကွီးကျေးရွာအုပ်စု SSPP/SSA အခြေချထားသော တပ်စခန်းများအား တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း SSPP/SSA မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။

“ကျနော်တို့ တပ်စခန်းတွေကို သူတို့ ဝင်တက်သိမ်းတာလေ။ ၁၃ ရက်က လားရှိူးကနေ ဟတ်စကီး ၂ စီးဝင်ကူတိုက်တယ်။ ဒါပေမဲ့ သူတို့ ပိတ်ခံရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မေလ ၁၂ ရက်က တိုက်ပွဲအတွင်း မြန်မာတပ်မတော်ဘက်မှ အရာရှိ သုံးဦး အပါအဝင် တပ်သား ၁၅ ဦး ကျဆုံးခဲ့ပြီး လက်နက် ၁၀ လက်ကျော်၊ မော်တာ သေနတ်များ သိမ်းဆည်းရမိခဲ့သည်ဟု သူက ပြောသည်။

“အစိုးရသစ်တက်လာတော့ ကျနော်တို့လည်း တွ့ဆုံဆွေးနွေးပွဲကို မျှော်လင့်တယ်။ အခုလို ဖြစ်တာကလည်း တပ်မတော်ဘက်က ရန်ရှာတဲ့သဘောပါပဲ”ဟု သူက ပြောသည်။

မေလ ၁၄ ရက်တွင်လည်း တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သလို၊ တန့်ယန်းမြို့နယ်ဘက်မှ မြန်မာတပ်မတော် စစ်ကူအင်အား ၂၀၀ ခန့် ကျောက်မဲမြို့တွင် ရောက်ရှိနေသည်ဟု သိရကြောင်း သူက ပြောသည်။

SSPP နှင့် မြန်မာတပ်တော်ဘက်မှ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး အစိုးရ စစ်တပ်ကလည်း စစ်အင်အား တိုးမြှင့်မှုများ ရှိနေသည်ဟု ကျားခေါင်းပါတီမှ ဦးစိုင်းသန်းမောင်က မဇ္ဈိမကို ပြောသည်။

"တပ်မတော်ဘက်က မနေ့က တိုက်လေယဉ် ၂ စီး၊ ဒီနေ့က ၃ စီးနဲ့ တိုက်နေတာ။ ဒီနေ့ ၄ နာရီလောက်ထိတော့ တိုက်ပွဲ ပြင်းထန်နေဆဲပဲ။ အဲဒီနောက်မှာ ဟတ်စကီး ၃ စီး ကျောက်မဲမြို့နဲ့ တောင်ဘက်ခြမ်းကို သွားနေတုန်းပဲ၊ မြို့ပေါ်ကလူတွေလည်း ကျီးလန့်စာစားနေရသလိုပါပဲဗျာ”ဟု ၎င်းက ပြောသည်။

SSPP နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ်နှင့် နောက်ပိန်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီ ဖြစ်ကြောင်း၊ နောင်ပိန်ဘက်တွင် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီ ဖြစ်ကြောင်း သူက ပြောသည်။

မေလ ၁ ရက်မှစတင်၍ ရက်သတ္တပတ်ခန့်ကြာ ယခင်အစိုးရနှင့် NCA လက်မှတ်ထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် လတ်တလော ကျောက်မဲမြို့ပေါ်သို့ စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရာမှ ယနေ့ထိ စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သူက ပြောသည်။

လားရှိူးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မှ နောက်ဆုံးထား SSPP ၏ တန့်ယန့်မြို့နယ်ရှိ လွယ်စေးနှင့် လွယ်လန်းတောင်ကြားရှိ တပ်စခန်းများမှ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက် ဆုတ်ခွာပေးရန် ပြောဆိုမှုနှင့် ပတ်သက်၍ နှစ်ဖက် ကွင်းဆင်းညှိနှိုင်းဆွေးနွေးခဲ့သဖြင့် ပြေလည်ခဲ့ပြီ ဖြစ်ကြောင်း ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။

“၁၂ ရက်နေ့က ဗျူဟာမှူး ဗိုလ်မှူးကြီး နေလင်းအောင်ရဲ့တပ်ရင်းမှူး ၃ ယောက်နဲ့ ကျနော်တို့ SSPP က ကိုယ်စားလှယ်တွေ သွားရောက်စစ်ဆေးတယ်။ အဲဒါ ပြီးသွားပါပြီ။ အခုတော့ ဘာမှ မဖြစ်တော့ဘူး။ ရှင်းသွားတယ်ဆိုတာက တပ်မတော် ဘက်ကလည်း အသေအပျောက်မရှိဘူး။ လူထု မထိခိုက်ဘူးဆိုတဲ့သဘောပေါ့”ဟု သူက ပြောသည်။

SSPP/SSA သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA)တွင် လက်မှတ်ရေးထိုးရန် ယခင်အစိုးရနှင့် ဆွေးနွေးခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင် လက်မှတ်ထိုးနိုင်ခြင်း မရှိသဖြင့် လက်မှတ် မထိုးသေးပေ။ သို့သော် ၂၀၁၂ ခုနှစ်က သမ္မတ ဦးသိန်းစိန် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required