ရှမ်းမြောက်တိုက်ပွဲများ စဖြစ်ပြီးနောက် မြန်မာတွင် နေရပ်စွန့်ခွာရသူ ၂ သိန်းကျော်အထိ ရှိနေဟု ကုလ ပြော

ရှမ်းမြောက်တိုက်ပွဲများ စဖြစ်ပြီးနောက် မြန်မာတွင် နေရပ်စွန့်ခွာရသူ ၂ သိန်းကျော်အထိ ရှိနေဟု ကုလ ပြော
Photo-AFP

ပြီးခဲ့သည့်လက မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် မြန်မာတွင် တိုက်ပွဲများကြောင့် လူ နှစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ကြရသည်ဟု ကုလသမဂ္ဂက နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က စစ်တပ်ကို တိုက်ခိုက်မှုများ စတင်ဖော်ဆောင်ပြီးနောက် တရုတ်နှင့်နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့သည် တရုတ်သို့ ဦးတည်ရာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသလို နယ်စပ် ဗဟိုချက်နေရာတခုကိုလည်း သိမ်းယူထားသည် ဖြစ်ရာ ယင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုအပေါ် အကြီးဆုံးသော စစ်ရေး စိန်ခေါ်မှုဖြစ်သည်ဟု အကဲခတ်များက ပြောဆိုကြသည်။

ရှမ်း၊ ချင်း၊ ကယား၊ မွန်ပြည်နယ်တို့နှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများကြောင့် လူပေါင်း ၂၀၀,၀၀၀ ကျော် အတင်းအကျပ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောသည်။

တိုက်ပွဲများကြောင့် ကလေးများ အပါအဝင် အရပ်သား ၇၅ ဦးထက်မနည်း သေဆုံးပြီး အခြား ၉၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြေပြင် ကနဦး သတင်းပေးပို့ချက်များကို ကိုးကားပြီး UNOCHA က ပြောသည်။

နှစ်ဘက်စလုံးသည် ရှမ်းပြည်နယ်၌ ၎င်းတို့ထိန်းချုပ်သည့် လမ်းများတွင် စစ်ဆေးရေးဂိတ်များ ထားရှိထားသလို အဓိကမြို့တမြို့ဖြစ်သည့် လားရှိုးမြို့ အပြင်ဘက်တွင် မိုဘိုင်းဆက်သွယ်ရေးကလည်း ဆက်လက်၍ ပြတ်တောင်း ပြတ်တောင်းဖြစ်နေသည့်အတွက် အကူအညီ ပေးပို့မှုအပေါ် အဟန့်အတားဖြစ်စေကြောင်း ကုလက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly