မြန်မာနှင့်နယ်စပ်အား လုံခြုံပြီး တည်ငြိမ်စေရမည်ဟု တရုတ် ပြော

By The Straits Times
10 November 2023
မြန်မာနှင့်နယ်စပ်အား လုံခြုံပြီး တည်ငြိမ်စေရမည်ဟု တရုတ် ပြော
Photo-AFP

တရုတ်နိုင်ငံအနေဖြင့် မြန်မာနှင့် နယ်စပ်အား လုံခြုံပြီး တည်ငြိမ်အောင် လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောပြီး မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးအနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်ရန် တိုက်တွန်းလိုက်သည်။

တရုတ်နှင့် နယ်စပ်၌ မကြာသေးခင် တိုက်ပွဲများကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ခြင်းကြောင့် နိုင်ငံအနေဖြင့် ပြိုကွဲသွားမည့် ဘေးအန္တရာယ်တွင် ရှိနေသည်ဟု အာဏာသိမ်းစစ်တပ် ခန့်အပ်သော သမ္မတက ပြောထားသည်။

ဒီမိုကရေစီ လိုလားသော တော်လှန်ရေး အုပ်စုများနှင့် တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်များက မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် တိုက်ပွဲဆင်မှု တိုးမြင့်လာခြင်းနှင့်အတူ အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ အာဏာသိမ်းချိန်မှနောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

တိုက်ပွဲများ အဆုံးသတ်ရန် တရုတ်က အကြိမ်ကြိမ် တောင်းဆိုပြီး နယ်စပ်တည်ငြိမ်ရေးနှင့် နောက်ထပ် ထိခိုက်မှုများကို တားဆီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လည်း တရုတ်က မြန်မာကို တိုက်တွန်းထားသည်။

တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားများ သေဆုံးမှု ရှိသည်ဆိုသော သတင်းအချို့ ရှိထားပြီး တိုက်ပွဲများ ပျံ့နှံ့ဖြစ်ပွားနေသည့် ဧရိယာများကို ရှောင်ရန် မြန်မာနိုင်ငံရှိ ၎င်း၏ နိုင်ငံသားများကို အကြံပြုချက်များ ထုတ်ပြန်ထားသည်။

“မြန်မာမြောက်ပိုင်းက ပဋိပက္ခတွေအတွက် တရုတ်နိုင်ငံအနေနဲ့ များစွာ စိုးရိမ်ပူပန်တယ်၊ မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုတယ်၊ တရုတ်ရဲ့ လုံခြုံရေး စိုးရိမ်ပူပန်မှုကို လက်တွေ့ကျကျ အလေးထားဖို့လည်း တိုက်တွန်းတယ်၊ တရုတ်-မြန်မာ ပူးပေါင်းစီမံကိန်းတွေ ဘေးကင်းလုံခြုံရေးအတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောလိုတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝန်ဝင်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းများကို ဖြေကြားရာတွင် ပြောဆိုခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က မြန်မာနိုင်ငံဆီ လာရောက်ခဲ့ပြီး တရုတ်၏ ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများ၏ လုံခြုံရေးကို ခိုင်မာအားစေရန် ထိရောက်သော လုပ်ဆောင်မှုကို မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required