ပင်လည်ဘူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူပြ လက်နက်ချဟုPDF ပြော

By ရွှေနွယ်၊ ဂျူချန်း
08 November 2023
ပင်လည်ဘူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူပြ လက်နက်ချဟုPDF ပြော

စစ်ကိုင်းတိုင်းမှ ပင်လည်ဘူးမြို့အား ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေက တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလံဖြူပြလက်နက်ချကြောင်းမြေပြင်စစ်ရေးသတင်းရင်းမြစ်များက  မဇ္ဈိမကိုပြောသည်။

မြို့သိမ်းတိုက်ပွဲကို ယမန်နေ့ ညနေ ၄ နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညပိုင်းတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလံဖြူပြလက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

၎င်းက " မြို့ထဲက စစ်သားတွေ လက်နက်ချတယ်။သာသာယာယာသိမ်းလိုက်တယ်။ သူတို့အလံဖြူပြတယ်" ဟု ဆိုသည်။

ပင်လည်ဘူးမြို့ခံအများစုသည် ယခုတိုက်ပွဲမစတင်မီကပင် မြို့မှ တိမ်းရှောင်နေခဲ့ကြကြောင်း ဒေသခံအချို့က ပြောသည်။ ညပိုင်းတွင် စစ်ကောင်စီတပ်က ပင်လည်ဘူးမြို့ပေါ်သို့ လေကြောင်းမှနှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရသည်။ ထိခိုက်ပျက်စီးမှုရှိမရှိကိုမသိရသေးပေ။

"မနေ့ညနေ ၄ နာရီကတည်းကတိုက်ကြတာပါ။ KIA၊PDF နဲ့ AB(ABSDF) အဖွဲ့တွေပါပါတယ်။ သိမ်းနိုင်ပြီလို့ သတင်းကြားထားပါတယ်" ဟု နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ပင်လည်ဘူးမြို့နှင့် ထိစပ်နေသော  ကောလင်းမြို့ကို  ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) ၊ PDF၊ ပကဖ နှင့်တော်လှန်ရေးတပ်ဖွဲ့များကနိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး တမူးခရိုင်၊ခမ်းပါတ်မြို့ကို  နိုဝင်ဘာ ၇ရက် နံနက် ပိုင်းတွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထားသည်။ ထို့နောက် နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှစ၍ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေခြင်းဟု သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ ချင်းရွှေဟော်၊မုံးကိုး၊ ဖောင်းဆိုင်၊  ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ နမ့်ခမ်းမြို့တို့ကို ထိမ်းချုပ်ထားပြီး စစ်ကောင်စီမှ ချင်းရွှေဟော်၊ကြူကုတ်(ပန်ဆိုင်း)နှင့်ဖောင်းဆိုင် မြို့တို့ကို လက်လွှတ်ထားရကြောင်း ဝန်ခံထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly