အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်း တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို 

By ရောင်နီ (မဇ္စျိမ)
07 November 2023
အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်း တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို 
ပုံအညွှန်း - ရမည်းသင်းမြို့နယ်အနီးရှိ ရန်ကုန်-မန္တလေးအမြန်လမ်း မြင်ကွင်း။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်းကို သွားရောက်တိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ 

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ လွှစင်အုပ်စု၊ သပြေစမ်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၄၉/၂၅၀ ရှိ သပြေစမ်းရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၆ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခွဲအချိန်တွင် သွားရောက်တိုက်ခိုက်ခြင်းဟု ဆိုသည်။ 

“ ရဲကင်းစခန်းကို ရှေ့ကင်း နောက်ကင်းထားပြီး  အနီးကပ် ပေ ၅၀ လောက်ကနေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာပါ။ အဲဒီ ရဲကင်းမှာက စက်လတ်နှစ်ခုရှိတယ်။ သူတို့ဘက်(စစ်ကောင်စီတပ်)ကနေလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပါတယ်။” ဟု တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောသည်။ 

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့သည့် သပြေစမ်းရဲကင်းစခန်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲ ၁၇ ဦးခန့် ရှိကြောင်း သိရသည်။ 

တိိုက်ခိုက်မှုတွင် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့ပြီး ရဲကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ဆိုသည်။ 

“ ကျွန်တော်တို့ဘက်က အရင်လက်ဦးမှုရအောင် မဟာဗျူဟာကျကျ လုပ်ဆောင်ခဲ့တာပါ။ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က လေးဦးသေတယ်ဆိုတာ ဒေသခံတွေက တဆင့် သိရပါတယ်။ လူနာတင်ယာဥ်တွေလာတယ်လို့လည်း သိရတယ်” ဟု ၎င်းက ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲဲ့၏ တိုက်ခိုက်မှုခံရပြီးနောက် တနာရီခန့်အကြာတွင် သပြေစမ်းရဲကင်းစခန်းကို စစ်ကောင်စီတပ်ဘက်မှ စစ်ကူများ လာရောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို သီးခြားအတည်ပြုချက်ရယူနိုင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။ 

အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု၊ သာစည်(ပကဖ)၊ မြို့သစ်(ပကဖ)၊ တပ်ရင်း(၉၀၃) ဂဠုန် PDF တပ်ခွဲ (၁)နတ်မောက်၊ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ(ကြိုးကြာနီတပ်ဖွဲ့နှင့်  နတ်မောက် (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ အထိအခ်ိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားသည်။ 

“ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နောက်လည်း ဒီထက်မက လုပ်ဆောင်မှုတွေ ရှိပါသေးတယ်ဆိုတာ ပြည်သူတွေကို အသိပေးချင်ပါတယ်။” ဟု တိုက်ဒေါင်း တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။  

ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ရဲကင်းစခန်းအနီးတဝိုက် လုံခြုံရေးတင်းကျပ်ထားကာ ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်များကို စစ်ဆေးခြင်းများ ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly