ဘင်္ဂလားဒေ့ရှ်တွင် ရထား ၂ စင်း တိုက်မိမှုကြောင့် လူ ၁၇ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်တွင် ရထား ၂ စင်း တိုက်မိမှုကြောင့် လူ ၁၇ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရ
Photo - AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အောက်တိုဘာ ၂၃ ရက်က ရထားနှစ်စင်း တိုက်မိမှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ထိုဖြစ်စဉ်တွင် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်ပူပန်နေရကြောင်း တာဝန်ရှိသူများက ပြောသည်။

အရှေ့ပိုင်းမြို့ ဘာအီရတ်တွင် ဖြစ်ပွားသော ထိုဖြစ်စဉ်တွင် ကုန်တင်ရထားတစင်းက မျက်နှာချင်းဆိုင် လမ်းကြောင်းအတိုင်း မောင်းလာသည့် ခရီးသည်တင်ရထားတစင်းကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ပြီး ခရီးသည် လူစီးတွဲနှစ်တွဲ လမ်းချော်သွားကြောင်း တာဝန်ရှိသူများက ပြောသည်။

“အလောင်း ၁၇ တွေ့ထားတယ်။ လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရသွားတယ်” ဟု မြို့တော် ဒါကာ၏ အရှေ့မြောက် ကီလိုမီတာ ၆၀ (၃၈ မိုင်) ခန့်တွင် တည်ရှိသည့် ဘာအီရတ်မြို့မှ အုပ်ချုပ်ရေးမှူးတဦးဖြစ်သည့် ဆာဒစ်ကာ ရာဟ်မန်က အေအက်ဖ်ပီကို ပြောသည်။

“သေဆုံးသူတွေ တိုးလာလိမ့်မယ်” ဟု ရာဟ်မန်က ပြောသည်။ မှောက်သွားသည့် တွဲများအောက်တွင် ပိတ်မိ၊ ညပ်မိနေသည့် သေဆုံးသူများကို တွေ့ရနိုင်ဆဲဖြစ်သည်ဟု ကယ်ဆယ်ရေးသမားများက သတင်းပို့ထားသည်ဟု ၎င်းက ပြောသည်။

“ကရိန်းတွေ တင်ထားတဲ့ ကယ်ဆယ်ရေး ရထားတစင်း အဲဒီကို သွားနေတယ်” ဟု ၎င်းက ပြောသည်။

ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် ဖြစ်ပွားသည့် မတော်တဆမှု ဖြစ်ပွားရာနေရာသို့ ဒေသခံများနှင့် စေတနာ့ဝန်ထမ်းများ အပြေးအလွှား ရောက်ရှိသွားကြသည်။

ရထားတစင်းက အခြားရထားရှိရာ တူညီသော သံလမ်းပေါ် ရောက်သွားပြီးနောက် တိုက်မိမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း ရာဟ်မန်က ပြောသည်။

ထို မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ညွှန်ကြားထားသလို သွေးလိုအပ်သူများအတွက် သွေးလှူဒါန်းပေးကြရန် ပန်ကြားမှုများ လုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required