တနင်္သာရီတွင် ပရဟိတအသင်းမှ လူနာတင်ယာဉ်မောင်းကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
22 October 2023
တနင်္သာရီတွင် ပရဟိတအသင်းမှ လူနာတင်ယာဉ်မောင်းကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်၊ သာရဘွင်ကျေးရွာမှ ပရဟိတအဖွဲ့ဝင် ယာဉ် မောင်းတဦး စစ်ကောင်စီတပ်ကဖမ်းဆီးပြီးနောက် နှစ်ပတ်အကြာတွင်သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့သူမှာ သာရဘွင်ကျေးရွာအခြေစိုက် ချမ်းမြေ့ပါရမီ ပရဟိအ အသင်းမှလူနာတင်ယာဉ်မောင်း ကိုအောင်ကျော်နိုင်(၂၈နှစ်)ဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်း က စစ်ကောင်စီမှ အကြောင်းကြားလာခဲ့သည်ဟု မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။

“ကိုအောင်ကျော်နိုင် ဆုံးသွားပြီဆိုပြီး အခုလ ၁၇ ရက်နေ့ညနေပိုင်းက မိသားစုတွေဆီကို အကြောင်းကြာ တယ်လို့ သိရတယ်။ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ မိသားစုတွေက တနင်္သာရီမြို့ပေါ်တက်သွားပြီး အလောင်း ကိုသွားကြည့်ကြတယ်လို့ သိရတယ်”ဟု မိသားစုနှင့်နီးစပ်သူတဦးက ဆိုသည်။

သို့သော်လည်း စစ်ကောင်စီက မိသားစုဝင်များကို ကိုအောင်ကျော်နိုင်၏အလောင်းအား ကြည့်ခွင့်သာပေး ခဲ့ပြီး နာရေးပြုလုပ်ခွင့်မပေးကြောင်း နီးစပ်သူများက ပြောသည်။

ကိုအောင်ကျော်နိုင်သည် စက်တင်ဘာလ ၃၀ ရက်နေ့ မြိတ်သို့လူနာပို့ပြီး သာရဘွင်ရွာသို့အပြန် မြိတ်-တနင်္သာရီလမ်းပိုင်းရှိ ဇဝဲလမ်းဆုံ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် လူနာတင်ယာဉ်နှင့်အတူ ဖမ်းဆီးခံရ ပြီး အောက်ကင်းရွာ အခြေစိုက် ခမရ (၅၅၇)တွင် ဖမ်းဆီးနှိပ်စက်ခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် မိသားစုအပါအဝင် ပရဟိတအဖွဲ့ဝင်များနှင့် လုံး၀ အဆက်အသွယ်မရတော့ဘဲ အောက်တိုဘာလ ၁၇ ရက်နေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုထံ စစ်ကောင်စီကဖုန်းဆက် အကြောင်းခဲ့ခြင်း ဖြစ်သည်။

ကိုအောင်ကျော်နိုင်သည် မိသားစုကိုလုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပြီး ရပ်ရွာကအားကိုးရသည့် လူငယ်တဦး ဖြစ်ကြောင်းလည်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း မော်တုန်း(အရှေ့)ကျေးရွာမှ ချစ်ကြည်ရေးပရဟိတအသင်း၏ယာဉ် မောင်းအမျိုးသားတဦးကို နေအိမ်တွင် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးသွားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသလို အဆက်အသွယ်လည်း မရသေးကြောင်း လူမှုကူညီရေးလုပ် ကိုင်နေသူများထံမှ သိရသည်။

ထို့ပြင် ယခုနှစ် မေလက ထားဝယ်မြို့ခံ အသက် ၃၀ အရွယ် ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးစဉ် ငါးရက်အကြာ၌ သေဆုံးသွားကြောင်း ၎င်း၏ မိသားစုထံ လာရောက် အကြောင်းကြားခဲ့သည်။

စာတည်း။  ။စောဖေ

#mizzima
#တနင်္သာရီတိုင်း
#ပရဟိတအသင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required