မြေမြှုပ်မိုင်းရှင်းရန် PNO  ငွေကောက်ပြီး မရှင်းပေး၊  ရွာသားများကိုယ်တိုင်မိုင်းရှင်းနေရဟုဆို

By နန်းလီသွေး (MMTI) (မဇ္ဈိမ)
20 October 2023
မြေမြှုပ်မိုင်းရှင်းရန် PNO  ငွေကောက်ပြီး မရှင်းပေး၊  ရွာသားများကိုယ်တိုင်မိုင်းရှင်းနေရဟုဆို

ပင်လောင်းမြို့နယ်မှ ကျေးရွာငါးရွာတွင် မြေမြှုပ်မိုင်းရှင်းလင်းပေးမည်ဟုဆိုကာ ပအိုဝ်းပြည်သူ့စစ်(PNO)က ငွေကောက်ခံပြီး ငါးလကြာသည်အထိ မရှင်းလင်းပေးသောကြောင့် ဒေသခံအရပ်သားများကိုယ်တိုင် မိုင်းရှင်းနေရကြောင်း သတင်းရရှိသည်။

နမ့်နိန်း၊ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံးနှင့် လုံးပျဉ်ကျေးရွာများတွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြုပ်မိုင်းများကို ရှင်းပေးမည်ဟုဆိုကာ PNOတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် မေလမှစတင်ကာ  တအိမ် ‌လျှင် ၃၀,၀၀၀ကျပ် ကောက်ခံခဲ့ကြောင်း၊ တလကြာသည့်အထိ မရှင်းလင်းပေးသောကြောင့် ရွာသားများက ဇွန်လတွင် စတင်မိုင်းရှင်းခဲ့ကြရသည်ဟု သိရသည်။  လက်ရှိအချိန်ထိလည်း PNOက ရှင်းလင်းပေးခြင်း မရှိသေးဟု ဒေသခံများကပြောသည်။

တောင်မဲသင်းကျေးရွာ ဒေသခံတဦးက  “မြေမြှုပ်မိုင်းနင်းမိလို့မသေဘူးလို့ ကျွန်တော်တို့ကိုပြောတယ်။မိုင်းနင်းမိတဲ့လူတွေကလည်း တယောက်ပြီး တယောက်ရှိလာတယ်လေ။ အဲ့ဒါကြောင့်ကျွန်တော်တို့ ကိုယ်တိုင်ရှင်းနေတာ” ဟု ပြောသည်။

ယခုရက်ပိုင်းတွင် စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေရခြင်းဟုဆိုသည်။သို့သော် မိုင်းရှင်းကိရိယာများမရှိသဖြင့် ပေါက်တူးပေါက်ပြားများ အသုံးပြု ရှင်းလင်းနေရပြီး အဓိကအားဖြင့် ကျေးရွာတွင်းနေအိမ်ခြံစည်းရိုးများ၊ စိုက်ပျိုးရေး လယ်ယာမြေများတွင် မြေမြှုပ်မိုင်းများကိုတွေ့ရှိရကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ရှောင်အချို့ နေရပ်သို့ ပြန်လာကာ တနိုင်တပိုင် မိုင်းရှင်းလင်းရေးများ လုပ်နေကြပြီး မိုင်းမရှိ‌တော့သည့်နေရာများတွင် ပြန်လည်နေထိုင်နေသည်။ ၎င်းတို့ ရှာဖွေထားသော မြေမြှုပ်မိုင်းအရေအတွက်မှာ ၁၅ လုံးခန့် ဖြစ်နေပြီဟု တောင်မဲသင်းကျေးရွာ ဒေသခံတဦးကပြောသည်။
ကျေးရွာငါးရွာပေါင်းပါက ငါးလခန့်အတွင်း မြေမြှုပ်မိုင်း ၁၂၀ ထက် မနည်း တွေ့ထားကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းဒေသတွင် မြေမြှုပ်ပိုင်း ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှုများလည်းရင်ဆိုင်နေရသည်။ပြီးခဲ့သည့် မေလက နေရပ်ပြန် စစ်ရှောင်အမျိုးသားတဦးသည်  မြေမြှုပ်မိုင်းနင်းမိသဖြင့် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ရှမ်းပြည််နယ် တောင်ပိုင်း၊ ပင်လောင်းမြို့တွင်  ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေး ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့သည်။ယင်းနောက် နမ့်နိန်း၊ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံးနှင့် လုံးပျဉ်ကျေးရွာများတွင် စစ်ကောင်တပ်သားများ ဆက်လက်တပ်စွဲခဲ့ပြီး တော်လှန်ရေးအင်အားစုများ လာရောက်တိုက်ခိုက်ခြင်း မပြုနိုင်ရန် မြေမြှုပ်မိုင်းများထောင်ထားခဲ့ခြင်းဟု    ဒေသခံများကပြောသည်။

မြေမြုပ်မိုင်း ရှင်းလင်းရန် ငွေကောက်ခံခြင်းနှင့် ယခုအချိန်အထိ မရှင်းလင်းပေးသေးဟု ဒေသခံများ၏ ပြောကြားချက်နှင့်ပတ်သက်၍ မေးမြန်းရန် PNO ကို ဆက်သွယ်သော်လည်း  မရသေးပေ။

စာတည်း - အေးချမ်း
#mizzima
#ပင်လောင်းမြို့နယ်
#မြေမြှုပ်မိုင်း
#ပအိုဝ်းပြည်သူ့စစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required