ကမ္ဘောဒီးယား အတိုက်အခံပုဂ္ဂိုလ် ထောင် ၃ နှစ် ချမှတ်ခံရ

By AFP
18 October 2023
ကမ္ဘောဒီးယား အတိုက်အခံပုဂ္ဂိုလ် ထောင် ၃ နှစ် ချမှတ်ခံရ

ကမ္ဘောဒီးယားတွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ခမာနီအစိုးရ ပြုတ်ကျသွားမှု၏ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်း အကြောင်း ဆွေးနွေးထားသည့် ဆိုရှယ်မီဒီယာ ပို့စ်တခု တင်မှုနှင့်ပတ်သက်ပြီး အကြီးတန်း အတိုက်အခံ ခေါင်းဆောင်တဦးကို ကမ္ဘောဒီးယား တရားရုံးတခုက အောက်တိုဘာ ၁၈ ရက်တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်သည်။

ကမ္ဘောဒီးယားတွင် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် မော်ဝါဒီ ခမာနီတို့လက်ထက်တွင် ပြည်သူ နှစ်သန်းခန့်သည် အလုပ်အလွန်အကျွံစေခိုင်းမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ နာမကျန်းဖြစ်မှုနှင့် လူအစုလိုက် ကွပ်မျက်မှုတို့ကြောင့် သေဆုံးခဲ့ရသည်။

ကမ္ဘောဒီးယား၏ အာဏာရပါတီက ဇန်နဝါရီ ၇ ရက်ကို ခမာနီ အုပ်ချုပ်မှုအောက်မှ နိုင်ငံ လွတ်မြောက်မှု အထိမ်းအမှတ် “အောင်ပွဲ နေ့” အဖြစ် အမှတ်တရ ဂုဏ်ပြုသည်။ သို့သော် အတိုက်အခံ တက်ကြွလှုပ်ရှားသူများက ယင်းကို ကမ္ဘောဒီးယားကို ဗီယက်နမ်၏ ဆယ်စုနှစ်ကြာ သိမ်းပိုက်မှု စတင်မှုအဖြစ် ဖော်ပြသည်။

အတိုက်အခံ Candlelight ပါတီ၏ ဒုဥက္ကဋ္ဌ တဦးဖြစ်သော သက်ချ် ဆက်သာသည် ဇန်နဝါရီ ၇ ရက်နှင့်ပတ်သက်ပြီး နိုင်ငံရေးအရ သတိထားဆင်ခြင်ရသည့် သမိုင်းအကြောင်း ဆွေးနွေးသည့် ဗီဒီယိုတခုကို ဖေ့ဘွတ်ခ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလက တင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ ဝေဖန်ထားသော မှတ်ချက်များအပေါ် အာဏာပိုင်များက အမျက်ဒေါသထွက်ခဲ့ပြီး ယင်းမှတ်ချက်တို့က ဇူလိုင် ရွေးကောက်ပွဲ မတိုင်မီ သွေးထိုးလှုံ့ဆော်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ၎င်းအား စွပ်စွဲခဲ့သည်။

ယခုအခါ သွေးထိုးလှုံ့ဆော်မှု စွဲချက်နှစ်ခုအတွက် သက်ချ် ဆက်သာတွင် အပြစ်ရှိကြောင်း ဖနွမ်ပင် မြူနီစီပယ် တရားရုံးက အောက်တိုဘာ ၁၈ ရက်တွင် ချမှတ်ခဲ့သည်။

၎င်းကို တရားရုံးက ထောင် သုံးနှစ် ချမှတ်သည့်အပြင် ဒဏ်ငွေ ဒေါ်လာ ၁,၀၀၀ ပေးဆောင်ရန် ညွှန်ကြားခဲ့သည်ဟု ရှေ့နေဖြစ်သည့် ဆမ် ဆိုခေါင်က အေအက်ဖ်ပီကို ပြောသည်။

“တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မိမိတို့ဘက်က စိတ်ပျက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက မတရားတဲ့ ဆုံးဖြတ်ချက်ဖြစ်နေလို့ပါ” ဟု ရှေ့နေဖြစ်သူက ပြောသည်။ အယူခံ ဝင်မည်လား ဆိုသည်ကို သက်ချ် ဆက်သာနှင့် တိုင်ပင်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ယခုအမှုသည် နိုင်ငံရေး ပယောဂ မကင်းကြောင်းနှင့် အာဏာရပါတီ အပြတ်အသတ်အနိုင်ရသည့် ရွေးကောက်ပွဲမတိုင်မီကတည်းက သက်ချ် ဆက်သာကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း အစိုးရအပေါ် ဝေဖန်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required