ခင်ဦးမြို့တွင် မြို့နယ် ပကဖ အဖွဲ့ တိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

By 008 (မဇ္ဈိမ)
17 October 2023
ခင်ဦးမြို့တွင် မြို့နယ် ပကဖ အဖွဲ့ တိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

 စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့ပေါ်တွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို  ယနေ့ အောက်တိုဘာ ၁၇ရက် နံနက် ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံးသေဆုံးခဲ့ပြီး MA 1 သေနတ် နှစ်လက်သိမ်းဆည်း ရမိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

မင်းသိုက် တိုက်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသည် ခင်ဦး-ရေဦးသွားကားလမ်းအတိုင်း မြို့နယ်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထံသို့  ခြေလျင်ထွက်လာစဥ်  တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

"တပ်စွဲထားတဲ့ မင်းသိုက်တိုက် ကနေ မီတာ ၃၀၀ အကွာနဲ့ တပ်စွဲထားတဲ့ ဆေးရုံကနေ မီတာ ၃၀၀ အကွာကြား ဗလီကွေ့မှာမြို့နယ် (ပကဖ)က ကြားဖြတ်တိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုမှာ စကစ နှစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့ စကစတဦးက ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။မြို့နယ်(ပကဖ )အဖွဲ့က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။

ထိုသို့ တိုက်ခိုက်စဥ်  မင်းသိုက်တိုက်ပေါ်နှင့် မြို့နယ်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့နှစ်ခုက ကြားဖြတ်တိုက်ခိုက်ခဲ့၍ နှစ်မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ 
 စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

“ အမျိုးသား တဦး ထိခိုက်မိတယ်လို့တော့ ကြားမိတယ်ဗျ” ဟု ဒေသခံတဦးက ပြောသည်။ 

မဇ္ဈိမ အနေဖြင့် သေဆုံး၊ ထိခိုက်သူများ စာရင်းကို စုံစမ်းနေဆဲဖြစ်သည်။ 

လက်ရှိတွင်  စစ်ကောင်စီတပ်သည် ခင်ဦးမြို့သို့ ဖြတ်သန်းသွားလာနေသည့် ကားများကို  တင်းကျပ်စွာ စစ်ဆေးနေပြီး  တိုက်ခိုက်ခံရသည့်နေရာတွင်လည်း ကင်းပုန်းများချထားကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ပြည်တွင်းသတင်း
#ခင်ဦးမြို့နယ်

ရုပ်သံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly