ဂါဇာရှိ အရပ်သားများကို အစ္စရေးဘက်က ဆက်လက်တိုက်ခိုက်ပါက ဓားစာခံဖမ်းထားသူများကို သတ်ပစ်မည်ဟု ဟားမတ်စ်အဖွဲ့ ခြိမ်းခြောက်

ဂါဇာရှိ အရပ်သားများကို အစ္စရေးဘက်က ဆက်လက်တိုက်ခိုက်ပါက ဓားစာခံဖမ်းထားသူများကို သတ်ပစ်မည်ဟု ဟားမတ်စ်အဖွဲ့ ခြိမ်းခြောက်

ဂါဇာရှိ အရပ်သားများကို ပစ်မှတ်ထားပြီး အစ္စရေးဘက်က သတိပေးမှု မရှိဘဲ လေကြောင်းတိုက်ခိုက်မှုူများ ဆက်လုပ်ပါက မိမိတို့အနေဖြင့်လည်း ဓားစာခံဖမ်းထားသူများကို သတ်ဖြတ်မည်ဖြစ်ကြောင်း ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်အဖွဲ့က ခြိမ်းခြောက်ပြောဆိုသည်။ ဟားမတ်စ်အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အစ္စရေးကို ရုတ်တရက် ရှောင်တခင် တိုက်ခိုက်မှုအတွင်း လူ ၁၅၀ ခန့်ကို ဓားစာခံဖမ်းဆီးခေါ်ဆောင်ထားသည်။

အစ္စရေးက အောက်တိုဘာ ၉ ရက်တွင် ဂါဇာကမ်းမြှောင်ဒေသကို လုံးလုံးလျားလျား ဝိုင်းရံထားလိုက်ပြီး အစားအစာ၊ ရေနှင့် လျှပ်စစ် အထောက်အပံ့လမ်းကြောင်းများ ဖြတ်တောက်လိုက်ခြင်းဖြင့် သေရေးရှင်ရေးတမျှဖြစ်သော လူသားချင်းစာနာမှု အခြေအနေတရပ်အတွက် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်စေခဲ့ပြီးနောက်တွင် ဟားမတ်စ်အဖွဲ့၏ ခြိမ်းခြောက်မှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

အစ္စရေးသည် ဟားမတ်စ်အဖွဲ့၏ မကြုံစဖူးသော မြေပြင်၊ လေကြောင်းနှင့် ပင်လယ်ပြင် တိုက်ခိုက်မှုများကြောင့် အကြီးအကျယ် အထိနာခဲ့သည် ဖြစ်ရာ ယင်းကို ၉/၁၁ ဖြစ်စဉ်နှင့် ခိုင်းနှိုင်းမှုများ ရှိခဲ့သည်။

ဟားမတ်စ်၏ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်တွင် သေဆုံးသူ ၉၀၀ အထိ ရှိနေသလို အစ္စရေးဘက်က ဂါဇာကို ပြင်းထန်သည့် တိုက်ခိုက်မှုများ ပြုလုပ်ပြီး ပြန်လည် လက်တုံ့ပြန်သည့်အတွက်ကြောင့်လည်း ဂါဇာတွင် သေဆုံးသူ ၆၈၇ ဦးအထိ မြင့်တက်ခဲ့သည်။

အောက်တိုဘာ ၉ ရက် ညပိုင်းတွင် ဂါဇာမြို့တွင် မီးလုံးများ ထပ်ခါတလဲလဲ တောက်လောင်ထွက်ပေါ်ခဲ့ပြီး ပေါက်ကွဲသံများ ထွက်ပေါ်ကာ အချက်ပေးဉဩသံများ အဆက်မပြတ် မြည်ခဲ့သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မိမိတို့ ဓားစာခံဖမ်းထားသူများအနက် လေးဦး သေဆုံးသွားကြောင်း ဟားမတ်စ်တို့က အောက်တိုဘာ ၉ ရက်တွင် ပြောသည်။ ဟားမတ်စ်အဖွဲ့သည် နယ်စပ်တလျှောက် တိုက်ခိုက်ရေးသမား ၁,၀၀၀ ခန့် စေလွှတ်ထားသည်ဟု အစ္စရေးစစ်တပ်က ခန့်မှန်းပြီး ထိုဟားမတ်စ် အဖွဲ့ဝင်များသည် အရပ်သားများကို ပစ်ခတ်မှုများ ရှိနေသည်ဟု သိရသည်။

အစ္စရေးဘက်က ဂါဇာရှိ အရပ်သားများကို သတိပေးမှုမရှိဘဲ ဆက်လက်တိုက်ခိုက်ပါက ဓားစာခံများကို မိမိတို့ကိုယ်တိုင် စတင် သတ်ဖြတ်တော့မည် ဖြစ်ကြောင်း နောက်ပိုင်းတွင် ဟားမတ်စ်တို့က ပြောလာသည်။

“ကျုပ်တို့ ပြည်သူတွေကို သတိပေးမှု မရှိဘဲ ပစ်မှတ်ထားမှုတိုင်းအတွက် သူတို့ရဲ့ အရပ်သားဓားစာခံ တဦးချင်းစီ သတ်ဖြတ်ခံရတာကို ပြန်ကြုံရပါလိမ့်မယ်” ဟု ဟားမတ်စ်၏ စစ်ရေးအဖွဲ့ Ezzedine al-Qassam Brigades က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အောက်တိုဘာ ၉ ရက် ညပိုင်း ရုပ်သံမိန့်ခွန်းတရပ် ပြောရာတွင် ဟားမတ်စ်အဖွဲ့ကို အိုင်အက်စ် အဖွဲ့ (ISIS) နှင့် နှိုင်းယှဉ်ပြောဆိုသွားခဲ့ပြီး အစ္စရေးအနေဖြင့် ဟားမတ်စ်တို့ကို “ထူးကဲ အင်အား” ဖြင့် “အကြီးအကျယ်” တိုက်ခိုက်မှုတရပ် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြောသည်။

“ဟားမတ်စ် အကြမ်းဖက်သမားတွေဟာ ကလေးငယ်တွေကို မီးရှို့၊ သတ်ဖြတ်ပစ်တယ်။ သူတို့ဟာ လူအရိုင်းအစိုင်းတွေပါ။ ဟားမတ်စ်ဟာ ISIS ပါ” ဟု နေတန်ယာဟု က ပြောသည်။

ထို့ပြင် ဟစ်ဇ်ဘိုလာတို့ကို ရင်ဆိုင်လျက် မြောက်ဘက်ပိုင်းရှိ အခြားသော ရှေ့တန်းနေရာများကိုလည်း အားဖြည့်သွားမည်ဟု ၎င်းက ပြောသည်။ အဆိုပါ မြောက်ဘက်ပိုင်းတွင် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများနှင့် အစ္စရေးတပ်ဖွဲ့များအကြား ဒုတိယမြောက်နေ့အဖြစ် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဟားမတ်စ်တို့သည် တဲလ်အဗစ်နှင့် ဂျေရုဆလင်အထိ ရော့ကတ်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ နေရာများတွင် ဒုံးကျည်ကာကွယ်ရေးစနစ်များက ဝင်လာသည့် ရော့ကတ်များကို ပစ်ချခဲ့ပြီး လေကြောင်းစီးနင်းမှု အချက်ပေးဉဩသံများလည်း ထွက်ပေါ်ခဲ့သည်။

“သံမဏိ ဓားများ” ဆိုသည့် ကမ်ပိန်းအတွက် စစ်တပ်အရန်တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ကို ခေါ်ယူထားကြောင်း အစ္စရေးက ပြောသည်။ ထရပ်ကားယာဉ်တန်းများဖြင့် တင့်ကားများကို တောင်ဘက်သို့ ရွှေ့ပြောင်းသယ်ယူပြီး ထိုနေရာတွင် အစ္စရေးတပ်ဖွဲ့များက ဟားမတ်စ်တိုက်ခိုက်ရေးသမားများကို  ရှာဖွေရှင်းလင်းရန် လုပ်ဆောင်နေသည်။

“လက်ရှိအချိန်အထိ ထိုနေရာတွင် ဟားမတ်စ် စစ်သွေးကြွတချို့ ရှိနေဆဲ” ဖြစ်ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ လစ်ဘိုင် ဝေးစ်က ပြောသည်။

အစ္စရေးအနေဖြင့် လူ ၂ ဒသမ ၃ သန်း ရှိရာ ကာလကြာ ပိတ်ဆို့ခံ ဂါဇာကမ်းမြှောင်ဒေသကို လုံးလုံးလျားလျား ဝိုင်းရံထားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ယော့ဗ် ဂယ်လန့်တ်က ပြောသည်။ “လျှပ်စစ်၊ အစားအစာ၊ ရေ၊ ဓာတ်ငွေ့တို့ လုံးဝ ခွင့်မပြုပါဘူး။ အားလုံး ပိတ်လိုက်ပြီ”

ထိုကဲ့သို့ ဝိုင်းရံမှု ကြေညာချက်ကြောင့် အလွန်အမင်း ပူပန်ရကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားပြီး ဂါဇာ၏ မူလကတည်းက သေရေးရှင်ရေးတမျှ ဖြစ်နေသော လူသားချင်းစာနာမှု အခြေအနေက လက်ရှိအချိန်တွင် ပို၍ ယိုယွင်းဆိုးရွားရုံသာ ရှိလိမ့်မည် ဖြစ်ကြောင်း သတိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required