မြန်မာနိုင်ငံ တောင်ပိုင်းဒေတွေမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုမိုဆိုးရွားလာနေ

By မဇ္ဈိမ 
09 October 2023
မြန်မာနိုင်ငံ တောင်ပိုင်းဒေတွေမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုမိုဆိုးရွားလာနေ

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာတာကြောင့် ဒေသခံပြည်သူလူထုရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတယ်လို့  မွန်ပြည်လူ့အခွင့်ရေး ဖောင် ဒေးရှင်း HURFOM က အောက်တိုဘာ ၅ ရက်မှာ အစီရင်ခံစာထုတ်ပြန် လိုက်ပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကိုလူမျိုး၊ ဘာသာ၊ ကျား မ မရွေး ပြည်သူအားလုံး ခံစားနေရတယ်လို့ ဆိုပါတယ်။

စစ်တပ်က အတင်းအကျပ် အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေပြီး လက်နက်မဲ့ ပြည်သူတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ နေရပ်စွန့်ခွာ ထွက်ပြေးနေကြသလို စစ်တပ်က ပြည်သူတွေကို နေ့စဉ်နဲ့အမျှလည်း ဖမ်းဆီးချုပ်နှောင်ပြီး စစ်ကြေားရေးနဲ့ အချုပ်ခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်နေကြောင်း အစီခံထားပါတယ်။

မြန်မာပြည်တောင်ပိုင်း ဒေသတွေမှာဖြစ်ပွားနေတဲ့  ပြည်သူတွေရဲ့ ခုခံတော်လှန်မှုနဲ့ ၎င်းတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ့ို မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်းက အနီးကပ်စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံတွေဟာ ၂၀၂၃ ခုနှစ်ဆန်းကနေ ဇွန်လအထိ ၆ လအတွင်း ပိုမိုများပြားလာတယ်လို့ဖော်ပြထားပါတယ်။

၂၀၂၃ ခု ဇန်နဝါရီလကနေ ဇွန်လထိ ဒေသခံ ပြည်သူ ၈၄၀ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၃၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၄၆ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မအောင်မြင်တဲ့ ၂ နှစ်ခွဲကျော်ကာလနောက်ပိုင်း ကုလသမဂ္ဂက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုပိုမိုလုပ်ဆောင်လာတယ်လို့လည်းဆိုထားပါတယ်။

လူနေကျေးရွာတွေမှာ စစ်တပ်ကလာရောက်တပ်စွဲထားတာကြောင့် ပြည်သူတွေရဲ့ အသက်ရှင်လုံခြုံမှုမှာခြိမ်းခြောက်မှုရှိနေပြီး ဗမာစစ်တပ်ဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကိုလည်း အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကုလအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာဟာ ပြည်သူတွေရဲ့အသက်ကို အန္တာရယ်ရှိစေတဲ့လုပ်ရပ်ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ဒါကြောင့် လက်ရှိ ပကတိဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးသို့ လွှဲပြောင်းပေးဖို့ တောင်းဆိုထားပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တိကျခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အကြမ်းဖက်လူသတ်နေတဲ့ စစ်ကောင်စီထံ လက်နက်များစီးဝင်မှုမရှိစေဖို့ လက်နက်ရောင်းဝယ်မှုတားမြစ်ချက်ကို ချက်ချင်း အတည်ပြုထောက်ခံရမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒ့ါအပြင် မြေပြင်လိုအပ်ချက်တွေကိုထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေထံ ဘဏ္ဍာရေးဆက်လက် ထောက်ပံ့ပေးဖို့နဲ့  နယ်စပ်ဖြတ်ကျော်အကူအညီတွေဆက်လက်ပေးဖို့လည်းတိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကို စစ်ကောင်စီရဲ့ စစ်ရေးနဲ့ အုပ်ချုပ်မှု နှစ်ခုစလုံးမှာ သိသိသာသာ ကျဆင်သွားတယ်လို့ ကရင်ငြိမ်းချမ်ရေးအထောက်အကူပြုကွန်ယက် (KPSN) က စက်တင်ဘာ ၂၆ ရက် ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အာဆီယံအပါအဝင် အာရှဒေသတွင်းခေါင်းဆောင်တွေအနေနဲ့ အမှန်တရားအားဖြင့်လည်းကောင်း သံတမန်နည်းအားဖြင့်လည်းကောင်း မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကိုကူညီဖေးမဖို့တာဝန်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၃ ခု ဇူလိုင်အထိ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ဘေးရှောင် ၆၃၀၀၀၀ ကျော်အထိရှိလာပြီး အထူးသဖြင့် အခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခု ဇူလိုင်လအတွင်း  စစ်ဘေးရှောင်အိုင်ဒီပီ ၁ သိန်းကျော်အထိ တိုးလာနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required