မြင်းခြံတွင် PDF စစ်ဆေးရေးဂိတ်များကြောင့် Non CDM များ မှတ်ပုံတင်ကတ်အသစ်ပြောင်းရန် စာထွက်

By ဓါတု (မဇ္ဈိမ)
28 September 2023
မြင်းခြံတွင် PDF စစ်ဆေးရေးဂိတ်များကြောင့် Non CDM များ မှတ်ပုံတင်ကတ်အသစ်ပြောင်းရန် စာထွက်

မန္တလေးတိုင်း ၊ မြင်းခြံမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မှတ်ပုံတင်ကတ်အသစ်ပြောင်းရန်  မြို့နယ်အုပ်ချုပ်ရေးမှူးဦး‌ေကျာ်ဝင်းစိန်က အထက်မှညွှန်ကြားချက်ဟုဆိုကာ ပြောကြားခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာလ ၂၆ ရက်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လစဉ် ပြုလုပ်သည့် လပတ်အစည်းအဝေးတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်း‌ေကြာင်း  ၎င်းတို့နှင့်နီးစပ်သည့်ဒေသခံများထံက သိရသည်။

 စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုတွင်မပါဝင်သူ Non CDM များအနေဖြင့် ခရီးသွားလာသည့်အခါ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်များ ဖြတ်သန်းရ၍  မှတ်ပုံတင်ကတ်၌ အလုပ်အကိုင်ရာထူးများကို ပြောင်းလဲရမည်ဖြစ်ကြောင်းသိရသည်။

" ကတ်ရဲ့အလုပ်အကိုင်နေရာမှာ ဝန်ထမ်းဆိုရင် ကုန်သည်အရောင်းအဝယ်ဆိုပြီးထည့်ဖို့ မှတ်ပုံတင်ကတ်ပြောင်းရမယ်လို့စာထွက်တယ် ။ ခရိုင်အုပ်ချုပ်ရေးမှူးတောင် ကုန်သည်ဆိုပြီး ပြောင်းလိုက်တယ်တဲ့။  အဓိက ကတော့ခရီးသွားရင် PDF  တွေရဲ့ဂိတ်ဖြတ်ရင် ဝန်ထမ်းဆိုရင် CDM လား Non CDM လားဆိုတာလိုက်မှာကြောက်လို့"ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက မဇ္စျိမကိုပြောသည်။

မြင်းခြံမြို့ရှိ  ဌာနဆိုင်ရာအစိုးရဝန်ထမ်းများတွင် ၆၅ ရာခိုင်နှုန်းမှာ CDM ဝန်ထမ်းများဖြစ်ကြပြီး အများစုမှာ  ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း မြို့နယ်အထွေထွေဦးစီးဌာနအုပ်ချုပ်ရေးအဖွဲ့၏ CDM ဝန်ထမ်းတဦးက ပြောသည် ။ 

မြင်းခြံမြို့အဝင်အရှေ့ဘက်၊ပုဂံ-ညောင်ဦးလမ်း မြင်းခြံမြို့အထွက် အနောက်ဘက်နှင့်တိုးဂိတ်များတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ရံဖန်ရံခါစစ်ဆေးလေ့ရှိပြီး ထိုဂိတ်များဖြတ်၍ ခရီးသွားလာရမည့် Non CDM ဝန်ထမ်းများမှာ   စိုးရိမ်ပူပန်မှုများရှိနေ၍ ထိုသို့ စာထုတ်ခြင်းဖြစ်ကြောင်း သိရသည်။ 

မြင်းခြံ၊ နွားထိုးကြီးအစရှိသည့်မြို့များတွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများ အပါအဝင် အုပ်ချုပ်ရေးရုံးအဖွဲ့မှာ  ပြည်သူများအား ဖိနှိပ်အကြမ်းဖက်ခြင်း ၊ သတ်ဖြတ်ခြင်းများမကြာခဏလုပ်ဆောင်နေသဖြင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့မှာ အုပ်ချုပ်ရေးရုံးအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် ပျူစောထီးအဖွဲ့ဝင်များကိုလည်း ရှင်းလင်းလျက်ရှိကြောင်းဒေသခံများ၏အဆိုအရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required