မြင်းခြံတွင် ပျူသင်တန်းပို့ချရန် အင်အား ၁၀၀ ဝန်းကျင်ခေါ်ယူ၍ အတင်းအကျပ် အဖွဲ့ဝင်ခိုင်းမှုများရှိ

By ဓါတု (မဇ္ဈိမ)
27 September 2023
မြင်းခြံတွင် ပျူသင်တန်းပို့ချရန် အင်အား ၁၀၀ ဝန်းကျင်ခေါ်ယူ၍ အတင်းအကျပ် အဖွဲ့ဝင်ခိုင်းမှုများရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်မှဦးဆောင်၍ ပျူစောထီးသင်တန်းပို့ချရန် အင်အား ၁၀၀ ဝန်းကျင်စုဆောင်း၍ ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၈ နာရီတွင် ခေါ်ယူလေ့ကျင့်နေကြောင်း ဒေသခံများထံမှသိရသည်။

မြင်းခြံမြို့နယ်ရှိ အမှတ်၁၂  ရပ်ကွက်တွင်  ၂၀ ဦး ၊ လေးအိမ်တန်းမှ  ၂၀ဦး၊ ဆုံရွာနှင့်ကျေးရွာအချို့မှ ၆၀ ဦးရေဝန်းကျင်အား ခြေမြန်တပ်ရင်း ခမရ (၁၅) တပ်ထဲ၌ ယနေ့ ပျူစောထီးသင်တန်းတက်ရောက်ရန် ယနေ့မှစ၍ ငါးရက်အတွင်း အခြေခံရက်တိုစစ်သင်တန်း လေ့ကျင့်ပေးနေကြောင်းသိရသည်။ 

အဆိုပါသင်တန်းတွင် ပျူစောထီးသင်တန်းသားအသစ်များဖြစ်ကြ၍ စစ်တပ်ထောက်ခံသူများအပါအဝင် စစ်ကောင်စီတပ်မှခြိမ်းခြောက်သဖြင့်တက်ရောက်ရသည့် ဒေသခံပြည်သူများလည်း ပါဝင်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် ဖရဲသီးတဦးက မဇ္စျိမကိုပြောသည်။

" အခုက သင်တန်းသားအသစ်တွေ အင်အားထပ်ချဲ့တာပေါ့၊ ဆုံရွာကတော့တရွာလုံးတပ်ထောက်ခံတဲ့သူတွေကြီးပဲ။ တခြားရွာတွေမှာတော့ ပျူစောထီးအဖွဲ့ထဲဝင်မှာလား မဝင်ရင်သေနတ်နဲ့ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ကြောက်လန့်ပြီး လိုက်တက်ရတဲ့ကလေးတွေလည်း ရှိတယ်"ဟု ၎င်းကပြောသည်။

အဆိုပါပျူစောထီးသင်တန်းအား ပြီးခဲ့သည့် လေးလခန့်က နောက်ဆုံးသင်တန်းပို့ချပြီး ယခုထပ်မံပို့ချရန် အင်အားစုဆောင်းခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မြင်းခြံမြို့နယ်တွင် စစ်တပ်မှအာဏာသိမ်းပြီး နှစ်နှစ်ကျော်နောက်ပိုင်း ပျူစောထီးများ အင်အားကောင်းလာ၍ ၎င်းတို့၏ကြီးစိုးမှုသည် တစတစမြင့်တက်လာကြောင်း ဒေသခံများကဆိုသည်။
 
ယင်းပျူစောထီးအဖွဲ့ဝင်များမှ ဒေသခံပြည်သူများအား နည်းလမ်းမျိူးစုံဖြင့် ငွေကြေးကောက်ခံခြင်း၊ အကြမ်းဖက်ခြင်းများအား စစ်တပ်နှင့်ပူးပေါင်းလုပ်ဆောင်နေကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပျူစောထီး
#မြင်းခြံမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required