တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ၂ လအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ကျော်သေဆုံးဟု SOF ထုတ်ပြန်

တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ၂ လအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ကျော်သေဆုံးဟု SOF ထုတ်ပြန်

တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် နှစ်လအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၄၀ ကျော်သေဆုံးဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ ( SOF )ကထုတ်ပြန်သည်။

တောင်ပိုင်း စစ်ဒေသအတွင်း KNLA တပ်ဖွဲ့၊ Cloud wings ဒရုန်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဟု SOF ကဆိုသည်။

ဩဂုတ် ၁၂ ရက်တွင် မွန်ပြည်နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းထွန်းနိုင်လင်း၊ သြဂုတ် ၂၈ ရက်တွင် ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာမှ လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် အောင်ငွေထွန်း(ခေါ်) မောင်တူး၊ စက်တင်ဘာ ၃ရက်တွင် ပေါင်မြို့နယ်ရဲစခန်းမှ နယ်ထိန်း ကိုကိုလွင်အားတို့အား ရှင်းလင်းခဲ့‌ ကြောင်း၊ အခြားသူများမှာ ပွဲချင်းပြီးသေဆုံးခဲ့သော်လည်း အောင်ငွေထွန်း (ခ) မောင်တူးမှာ သေဆုံးခြင်းရှိမရှိ မသိရသေးကြောင်း SOF က ဆိုသည်။

သြဂုတ် ၂၇ ရက်တွင် ပေါင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား အဝေးထိန်းဒရုန်းဖြင့် ဗုံးသီးခုနစ်လုံးကြဲချတိုက်ခိုက်ရာ ဗိုလ်မှုးကျော်နိုင်ဦး အပါအဝင်၊ ဗိုလ်ကြီး တဦး၊ တပ်ကြပ်နှစ်ဦး၊ တပ်သားတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးဆေးရုံတွင် သေဆုံးသွားကြောင်း အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်းစစ်ဆင်ရေးများအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှရဲဘော်များ၊ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF)၊ ပကဖ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် KNU တပ်မဟာ (၆) နယ်မြေ၊ ကွီလုံတိုင်စခန်းကို ပို့ဆောင်မည့် ရိက္ခာလမ်းကြောင်းအား ဩဂုတ် ၂၄ ရက်မှ စတင်၍ စက်တင်ဘာ ၁၄ ရက်အထိ ၂၁ ရက်တိုင်အောင် ဖြတ်တောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု SOF က ထုတ်ပြန်သည်။

အလားတူ ယင်းစခန်းသို့ ရိက္ခာနှင့် ခဲယမ်းများ လာရောက်ပို့ဆောင်သည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၎င်းစစ်ကြောင်းမှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ချောင်းကူးစဉ် တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများနှင့် အလောင်းများ ဟောင်သရောမြစ်အတွင်းသို့ ‌မျောပါသွားခဲ့သည်ဟု ထုတ်ပြန်သည်။

စက်တင်ဘာ ၁၇ရက်တွင် KNU တပ်မဟာ (၆) ၊ တပ်ရင်း (၁၆) အုပ်ချုပ်နယ်မြေသို့ ကျူးကျော်လာသော တပ်မ (၂၂)၊ တပ်မ (၄၄)၊ BGF ပူးပေါင်းအင်အား ၁၀၀ ကျော်စစ်ကြောင်းနှင့် နံနက် ၉ နာရီမှ ညနေ ၃း၀၀ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့‌ကြောင်း၊ နောက်တရက်တွင်လည်း ထပ်မံစစ်ကြောင်း ထိုးလာသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခန့်အထိ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ ဒဏ်ရာရသူများပြားပြီး အထိနာခဲ့‌‌ကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တဦး အသက်ပေးလှူခဲ့သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် သုံးရက်ဆက်တိုက် လာရောက်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့အားလုံး ထိခိုက်မှုတစုံတရာမရှိခဲ့‌ကြောင်း SOF က ထုတ်ပြန်သည်။

KNLA တပ်ရင်း (၁၆)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့နှင့် နဂါးနီပူးပေါင်းစစ်ကြောင်းမှ နယ်မြေစိုးမိုးရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများ အနီးရှိကျေးရွာများသို့ နေ့စဉ်ပစ်ခတ်‌နေရာ ဒေသခံစစ်ဘေးရှောင်များ များပြားနေပြီး စစ်ဘေးရှောင်များအား တော်လှန်ရေးအဖွဲ့များမှ ကူညီထောက်ပံ့မှုများ ပေးနေသည်ဟု SOF က ဆိုသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ရန်သူ၏ စစ်ရေးပစ်မှတ်များကို ခုခံစစ်၊ ပြောက်ကျားစစ်၊ တိုက်စစ် စသည့်ဖြင့် စစ်နည်းဗျူဟာမျိုးစုံဖြင့် ကျေးလက်စစ်ဆင်ရေး၊ မြို့တွင်းစစ်ဆင်ရေးတာဝန်များကို စစ်ရေးအရှိန်မြှင့်မည်ဟု ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#SOF
#စစ်နည်းဗျူဟာ
#KNLA
#MSOF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required