လိုင်လင်းပီမြို့တွင် တိုက်ပွဲဖြစ်ပွားနေ၍ မြို့အတွင်းမဝင်ရန် MDF သတိပေး

By ပါခွီး (မဇ္ဈိမ)
26 September 2023
လိုင်လင်းပီမြို့တွင် တိုက်ပွဲဖြစ်ပွားနေ၍ မြို့အတွင်းမဝင်ရန် MDF သတိပေး

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ လိုင်လင်းပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် မြို့အတွင်းသို့ မဝင်ကြရန် မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF) က စက်တင်ဘာလ ၂၅ရက်နေ့တွင် ထုတ်ပြန်သည်။

လိုင်လင်းပီမြို့တွင် အခြေစိုက်တပ်စွဲထားသည့် မတူပီမြို့ စစ်ဗျူဟာလက်အောက်ခံ ခလရ (၃၀၄) မှ အင်အား ၅၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား‌ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

“ညနေပိုင်းမှာ ကျနော်တို့တပ်ဖွဲ့တွေ သူတို့စခန်းနား ချဥ်းကပ်တဲ့အခါ စစ်ကောင်စီတပ်သားတချို့ ထွက်လာတာရှိတယ် ၊ အဲဒါကို ဝိုင်းဖမ်းတဲ့အခါ ထွက်ပြေးလွတ်မြောက်သွားပြီး သူတို့က အောက်မှာရန်သူရှိတယ်ဆိုပြီး မြို့အတွင်းဖက်ကို ရမ်းသန်းပစ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ၊ ညပိုင်းမှာထပ်ပြီး ကျနော်တို့က စခန်းကိုသွားတိုက်ခဲ့တာ” ဟု MDF ပြန်ကြားရေးတာဝန်ခံ ကေတီမှိုမှိုက မဇ္စျိမ ကို ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းမှာ အခိုင်အမာတည်ဆောက်ထားသည့်အတွက် စခန်းသိမ်းရန် မလွယ်ကူကြောင်းနှင့် သေဆုံးဒဏ်ရာရရှိသူ အရေအတွက်ကို မသိရရှိကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် မြို့အတွင်း စခန်းအနီးရှိဒေသခံများ မြို့အစွန်ဖက်သို့ တိမ်းရှောင်နေရပြီး မြို့ပြင်၌ရှိသူများလည်း မြို့အတွင်းသို့မဝင်ရန် အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်နှင့် နောက်ထပ်ထုတ်ပြန်မှု မပြုလုပ်မီအထိ လိုက်နာဆောင်ရွက်ပေးကြပါရန် MDF က အသိပေးထားသည်။

ယမန်နှစ်ကလည်း အဆိုပါစစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပြန်ကြားရေးတာဝန်ခံ ကေတီမှိုမှိုက ဆက်ပြောသည်။

ယင်းစခန်းသည် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားစဥ်ကတည်းက လက်နက်ကြီး များသိုလှောင်ထားပြီး အခိုင်အမာတည်ဆောက်ထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၆ရက် ယနေ့သည် မရာလဲန်းနယ်မြေအတွင်း ခရစ်ယာန်သာသနာ ရောက်ခဲ့သည့်  ၁၁၆ နှစ်မြောက် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းလည်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောကြားထားသည်။

စာတည်း ။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#မတူပီမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required