မန္တလေးတွင် ဓားခုတ်လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်လာနေကြောင်း မြို့ခံများ ပြော

By 007 (မဇ္စျိမ)
25 September 2023
မန္တလေးတွင် ဓားခုတ်လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်လာနေကြောင်း မြို့ခံများ ပြော

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း အုပ်စုဖွဲ့ ဓားခုတ်လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်လာနေပြီး သုံးရက်အတွင်း ခြောက်ကြိမ် ဓားခုတ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းအနီးတွင် အမည်မသိ လူတစုက ဆိုင်ကယ်စီး အမျိုးသားတဦးကို ပုဆိန်ဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူထွက်ပြေးမှု စက်တင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည်။

“မန္တလေးမှာ ဓားခုတ်လုယက်မှုတွေ ပြန်ဖြစ်နေတယ်၊ အဲဒါကိုသတိပေးချင်တာပါ၊ အဲဒီနေ့က ဖြစ်စဉ်မှာဆိုရင် ဆိုင်ကယ်နဲ့တယောက်ထဲထွက်လာတာကို လူလေးယောက်က ပုဆိန်နဲ့ ထွက်ခုတ်ပြီးလုတာ၊ ခေါင်းရောလက်တွေမှာပါ ခုတ်ရာတွေနဲ့ လေ” ဟု ဒေသခံပရဟိတသမားတဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတွင် နေ့ခင်းကြောင်တောင် အချိန်မှာတောင် ဓားခုတ် ပစ္စည်းလုယက်မှုများ ခပ်စိပ်စိတ် ရှိလာနေခြင်းဖြစ်ပြီး လုံခြုံရေးကို သတိထားနေရကြောင်း မြို့ခံများက ဆိုသည်။ 

“အဲဒီနေ့က ၆၂ လမ်းအဆင့်မြင့် ရဲစခန်းနားမှာလည်း တခါဖြစ်သေးတယ်၊ ဆိုင်ကယ်စီးလာတာကို ဓားနဲ့လိုက်ခုတ်တာ၊ လူကတော့ လွတ်တယ်၊ ဆိုင်ကယ် တော့ပါသွားတယ်” ဟု မြို့ခံတဦးက ပြောသည်။

ထို့ပြင် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းနှင့် မဟာအောင်မြေမြို့နယ် ၃၈ လမ်း၊ ၇၅ လမ်းနှင့် ၇၆ လမ်းကြားတွင်လည်း ဓားခုတ်လုယက်မှု တကြိမ်စီ ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်အတွင်း ဓားခုတ်လုယက်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးယန္တရား ယိုယွင်းနေသော မန္တလေးမြို့တွင် ထိုသို့ အုပ်စုဖွဲ့ ဓားခုတ်လုယက်မှုများ များပြားလာခြင်းဖြစ်ပြီး သွားရေးလာရေး များစွာအခက်ကြုံနေကြရကြောင်းလည်း မြို့နေပြည်သူများ ဆိုသည်။

“ဓားခုတ်လုယက်မှုတွေ၊ ဒီရက်ပိုင်းပြန်ဖြစ်လာတာသတိထားမိတယ်၊ တရက်ကို နှစ်ကြိမ်၊ တချို့ရက်တွေမှာ နှစ်ကြိမ်ထက် မကဘူး၊ ပေါ်ပေါ်တင်တင်ကို လုယက်နေကြတယ်၊ နယ်မြေအလိုက် အပိုင်စားပေးထားသလား မှတ်ရတယ်” ဟု မန္တလေးမြို့ခံတဦးက မှတ်ချက်ပြုသည်။

ထိုသို့ ခပ်စိတ်စိတ် ဖြစ်ပွားလာနေသော ဓားခုတ်လုယက်မှုများအပြင် အတင့်ရဲစွာ ရောင်းဝယ်လုပ်ကိုင်လာနေကြသော မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်သင့်ကြောင်း မြို့နေလူထုများက ဆိုသည်။

မန္တလေးမြို့တွင် အာဏာသိမ်း စစ်ကောင်စီက ည ၁၂ နာရီမှ ၄ နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။

စာတည်း။  ။ နောင်နောင်

#မန္တလေး
#ဓားခုတ်လုယက်မှု
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required