မန္တလေးတွင် ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်းရှေ့၌ ပေါက်ကွဲမှုဖြစ်ပွား

By 007 (မဇ္စျိမ)
25 September 2023
မန္တလေးတွင် ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်းရှေ့၌ ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးမြို့တွင် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူငယ်တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ် ၈၁ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ TEL ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့နှင့် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်က ချမ်း မြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်အတွင်းရှိ မဟာကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျောင်းထဲ စစ်ဆေးရေးဝင်နေချိန် ကျောင်းရှေ့မှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲမှုဖြစ်တဲ့အချိန် ကျောင်းရှေ့ကဖြတ်သွားတဲ့ ကောင်လေးတယောက် လဲကျသွားတာတွေ့လိုက်တယ်။ ကောင်လေးက အဲဒီရပ်ကွက်ထဲကပါ။ အုန်းကနဲအသံကျယ်ကြီးနဲ့ ပေါက်ကွဲခဲ့တာပါ” ဟု မဟာအောင်မြေမြို့နယ် TEL ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတဦးကပြောသည်။

TEL ကျောင်းရှေ့ပေါက်ကွဲမှုဖြစ်စဉ်တွင် ကျောင်းအနီးနေထိုင်သူ အသက် ၂၁ နှစ်အရွယ်လူငယ်တဦး တင် ပါးတွင် ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ပြီး ကျောင်းရှေ့၌ရပ်ထားသော ကားတစီး အနည်းငယ်ပျက်စီးခဲ့ ကြောင်း၊ မဟာကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ပေါက်ကွဲမှုတွင် တစုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

“လက်ပစ်ဗုံးတွေနဲ့ပစ်ပြီး ထွက်ပြေးသွားကြတာ” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

“PDF က ကိုယ်ပိုင်ကျောင်းကို ဘာလို့လုပ်ရမှာလဲ။ ဒါက စကစရဲ့လှည့်ကွက်ပဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ်ပိုင်းကျောင်းတွေကို လိုက်ပြီးငွေညှစ်နေတဲ့စစ်အုပ်စုကို သတိပေးဖောက်ခွဲတာလည်း ဖြစ်နိုင်တယ်” ဟု မြို့ခံတော်လှန်ရေးအင်အားစု သတင်းရင်းမြစ်တဦးက မှတ်ချက်ပြုသည်။

TEL ကျောင်းအား အမျိုးသားတဦးမောင်းနှင်ပြီး အမျိုးသမီးတဦး နောက်မှလိုက်ပါလာသည့် ဆိုင်ကယ် ပေါ်မှ လက်ပစ်ဗုံးဖြင့်ပစ်သွားခြင်းဖြစ်ကြောင်း၊ မဟာကိုယ်ပိုင်အထက်တန်းကျောင်းကို လူသုံးဦးစီးနင်း လာသောဆိုင်ကယ်ပေါ်မှ လက်ပစ်ဗုံးဖြင့်ပစ်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသူ တယ်လီ ဂရမ်ချန်နယ်သတင်းများက ဆိုသည်။

စစ်ကောင်စီသည် မန္တလေးမြို့မှ ပုဂ္ဂလိကကျောင်းများတွင် CDM ပညာရေးဝန်ထမ်းများ ခန့်ထားခြင်းရှိ၊ မရှိ လိုက်လံစစ်ဆေးနေပြီး သြဂုတ်လ ၁၆ ရက်နေ့က မဟာအောင်မြေမြို့နယ် ၃၇ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားမှ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းအား CDM ပညာရေးဝန်ထမ်း လက်ခံ ထားကြောင်းစွပ်စွဲချက်ဖြင့် ချိပ်ပိတ်ကာ၊ ပိုင်ရှင်နှင့် ဆရာဆရာမခြောက်ဦးအား ဖမ်းဆီးခဲ့သည်။

ပုံစာ- ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မဟာကိုယ်ပိုင်ကျောင်းနှင့် TEL ကိုယ်ပိုင်ကျောင်း(Photo CJ)

စာတည်း။ ။စောဖေ

#မန္တလေးမြို့
#ကိုယ်ပိုင်အထက်တန်းကျောင်း
#ပေါက်ကွဲမှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required