ခလယ်တံခွန်တိုင်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို Cloud Wingsပူးပေါင်းအဖွဲ့  ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

By YT (မဇ္ဈိမ)
24 September 2023
ခလယ်တံခွန်တိုင်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို Cloud Wingsပူးပေါင်းအဖွဲ့  ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ဒေသတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု Cloud Wings ဒရုန်းတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်သည်။ 

တပ်မဟာ(၆)KNLA ဦးဆောင်မှုဖြင့် နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းကာ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ တပတ်တာအတွင်း ဒရုန်းဖြင့် ဗုံးသီးအလုံးရေ ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

"ကျွန်တော်တို့ ဒရုန်းတစင်း ပျက်ကျခဲ့ပါတယ်။ ဒီဒရုန်းတွေက တကယ်တမ်းပြောရရင် လနဲ့ချီနေပြီ တရက်မှ မနားရဘူး နေ့ရောညရော ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကွီလုံတိုင် ၊ ခလယ်တံခွန်တိုင် တောက်လျှောက် စစ်ရေးလုပ်ရတယ်။ စစ်ကောင်စီက ဒီတခေါက်လာတဲ့အခါမှာ ဒရုန်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေ လုပ်လာတယ်" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် ဒရုန်းစစ်ဆင်ရေးတွင် Cloud Wings ဒရုန်းတပ်ဖွဲ့၏ ဒရုန်းတစင်း ပျက်ကျခဲ့ပြီး အဆိုပါဒရုန်းအား စစ်ကောင်စီတပ်ဖွဲ့က သိမ်းယူသွားသည်ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဒရုန်းစစ်ဆင်ရေးများတွင် ၈၁ မမနှင့် ၆၀ မမ အမျိုးအစား ဗုံးသီးများ အသုံးပြုတိုက်ခိုက်ခဲ့ရာ တပတ်အတွင်း စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ဦးထက်မနည်း သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ဆိုသည်။

"ညဘက်မစ်ရှင်တွေမှာဆို သူတို့အနေနဲ့ ခက်တယ်။ ပြီးတော့ မြေပြင်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့အချိန်မျိုးဆိုရင်လည်း သူတို့အနေနဲ့ ခက်တယ်။ ကျွန်တော်တို့ ဒရုန်းတစီးပျက်ကျသွားတဲ့အချိန်က အားလုံးရပ်နေပြီး ဒရုန်းမစ်ရှင် သီးသန့်လုပ်နေတဲ့အချိန်၊ ပြီးတော့ လင်းလင်းထင်းထင်းရှိတဲ့အချိန်ပေါ့ " ဟု Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။ 

စက်တင်ဘာလ ၁၄ ရက်မှစ၍ ခလယ်တံခွန်တိုင်‌ ဒေသဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်း စစ်ကြောင်းက ဝင်ရောက်လာပြီးနောက်ပိုင်း တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးနေခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ခလယ်တံခွန်တိုင်ဒေသ၌ အထိုင်ချနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် လူသူမရှိသည့် ဒေသခံများ၏ နေအိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သည့် ငွေကြေးများနှင့်  ပစ္စည်းများကို ယူဆောင်ခြင်းများ ပြုလုပ်နေပြီး စစ်ရှောင်ရာမှ နေအိမ်သို့ပြန်လာသည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်းများလည်း ရှိနေသည်ဟု ဆိုသည်။ 

"လက်ရှိ ခလယ်တံခွန်တိုင်ဘက်မှာတော့ စစ်ရေးအခြေအနေက ငြိမ်နေတယ်။ အဓိက သူတို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ခလယ်တံခွန်တိုင် ရဲစခန်းမှာ တပ်ရှိတယ်၊ ရှေ့က မီးသတ်ရုံးမှာ တပ်ရှိတယ် အဲ့ဒါတွေကို သူတို့ လာလဲတာ တပ်အချိန်းအပြောင်းလာလုပ်တယ်။ လက်နက်၊ ခဲယမ်း၊ စစ်ကူ လာပို့တာဖြစ်တယ်။ လောလောဆယ်တော့ တပ်လဲပြီးပေမယ့် သူတို့ပြန်မထွက်သေးဘူး" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံ ၁၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#ဒရုန်းစစ်ဆင်ရေး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required