မြန်မာဒုက္ခသည်များကို စောင့်ရှောက်ကြည့်ရှုရန် အတတ်နိုင်ဆုံး လုပ်ဆောင်နေဟု ထိုင်းဝန်ကြီးချုပ် ပြော

မြန်မာဒုက္ခသည်များကို စောင့်ရှောက်ကြည့်ရှုရန် အတတ်နိုင်ဆုံး လုပ်ဆောင်နေဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေး၏ အရေးကြီးမှုကို အလေးပေး ထုတ်ဖော်ထားသလို နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များကို စောင့်ရှောက်ကြည့်ရှုရန် အတတ်နိုင်ဆုံး လုပ်ဆောင်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက အလေးပေး ပြောဆိုသည်။

မစ္စတာ ဆရတ်သာသည် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်စဉ် ကုလဌာနချုပ်၌ ကုလအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် တွေ့ဆုံမှုအပြီး စက်တင်ဘာ ၂၂ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေးအပေါ် အလေးထားပြီး ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများကို ထောက်ခံကြောင်း မစ္စတာ ဆရတ်သာက ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် ဒုက္ခသည်များကို အကူအညီများ ပေးထားသလို အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်း ပဋိပက္ခများတွင် ပါဝင်ပတ်သက်မည် မဟုတ်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

ကုလ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း ၎င်း၏ စိုးရိမ်ပူပန်မှုတို့ကို ထုတ်ဖော်မျှဝေခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့်လည်း ဒုက္ခသည်များကို ကြည့်ရှုစောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ကုလအကြီးအကဲ၏ သတင်းစကားကို အလေးအနက်ထားသွားမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ပြောသည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ မငြိမ်မသက်မှုဒဏ်ခံရသည့် မြန်မာပြည်သူများကို ကူညီရန် စားနပ်ရိက္ခာ၊ ဆေးဝါး အထောက်အပံ့များ သို့မဟုတ် အခြားသော လူသားချင်းစာနာမှု အကူအညီများ ပေးပို့လိုသည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ပံ့ပိုးဆောင်ရွက်ပေးရန် ရှေ့သို့ချီ ပါတီမှ အမတ်တဦးဖြစ်သည့် ချူလာပေါင် ယုကတေးက စက်တင်ဘာ ၂၂ ရက်တွင် ထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required