စစ်ကောင်စီတပ်ကို လက်နက်နှင့်လေယာဉ်ဆီတင်သွင်းနေသော ခရိုနီရုံးခန်း ဗုံးသီးပစ်ခံရ

By ဂန္ဒမာ (မဇ္ဈိမ)
22 September 2023
စစ်ကောင်စီတပ်ကို လက်နက်နှင့်လေယာဉ်ဆီတင်သွင်းနေသော ခရိုနီရုံးခန်း ဗုံးသီးပစ်ခံရ

စစ်ကောင်စီတပ်ကို လက်နက်နှင့် လေယာဉ်ဆီတင်သွင်းပေးနေသော ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တဦး၏ရုံးခန်းကို အထူးစစ်ဆင်ရေးအနေဖြင့် ဗုံးသီးပစ်တိုက်ခိုက်သတိပေးခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့တခုအပြောအရ သိရသည်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ ရုံးခန်းကို ယနေ့ (စက်တင်ဘာ ၂၂ ရက်) ည ၇ နာရီ ၃၃ မိနစ်၌ ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်ခဲ့သည်ဟု "မြို့ပြအထူးစစ်ဆင်ရေး"ဟု အမည်ပေးထားသောအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။
 
ခရိုနီ ဦးအောင်မိုးမြင့်သည် Dynasty Group of Companies၏ တည်ထောင်သူနှင့် ဒါရိုက်တာတဦးဖြစ်ကာ စစ်လေယာဉ်နှင့်ပတ်သက်သောအရာများ၊ စစ်လက်နက်ပစ္စည်းများ ၊ လေယာဉ်ဆီတို့ကို ပြည်ပမှတင်သွင်းကူညီပေးသူဖြစ်သည်။

ဦးအောင်မိုးမြင့်ကို ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး Justice For Myanmar ၏ "အသက် ၃၀ အထက် မသမာသူများ(Dirty Over 30)" အစီအစဉ်တွင်  ဖော်ပြခံရသော သူဌေးကြီး ကိုးဦးတွင်ပါဝင်သည်။ 

သူသည်မြန်မာစစ်အုပ်စုအတွက်  စစ်လက်နက်များဝယ်ယူရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးရာမှ ဘယ်လာရုစ်အစိုးရအတွက် အကျိုးအမြတ် အမြောက်အများကို ရှာဖွေပေးခဲ့သူလည်းဖြစ်ရာ ဘယ်လာရုစ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် ခန့်အပ်ထားကြောင်း Justice For Myanmar က ဖော်ပြဖူးသည်။
 
စစ်ကောင်စီတပ်ကိုအထောက်အကူပေးနေသော ခရိုနီများ၏  နေအိမ် ၊  ရုံးခန်း ၊ စီးပွားရေး ၊ မိသားစု ဆွေမျိုး မိတ်ဆွေ ဒေတာများကို မြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation) လုပ်ဆောင်သူများအနေဖြင့် အချိန် တနှစ်ကြာ စုဆောင်းထားခဲ့ကြောင်း သိရသည်။

သတိပေးမှုနှင့်မရပါက ဆုံးရှုံးမှုများဖြစ်လာမည်ဖြစ်ကြောင်း စစ်ဆင်ရေးဆောင်ရွက်သည့် ပြောက်ကျားအဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required