ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအနီးမိုင်းနင်းမိပြီး ဒေသခံသေဆုံး

By ပါခွီး(မဇ္စျိမ)
22 September 2023
ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအနီးမိုင်းနင်းမိပြီး ဒေသခံသေဆုံး
ပုံအညွှန်း - မိုင်းနင်းမိပြီးသေဆုံးသွားသူ။(ဓါတ်ပုံ-Zofa Journal)

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်တွင် စက်တင်ဘာလ ၂၁ရက်နေ့က ငါးဖမ်းသွားသည့် ဒေသခံတဦးသည် စစ်ကောင်စီတပ်စခန်းအနီးတွင် မိုင်းနင်းမိကာ သေဆုံးသွားသည်ဟု ဒေသခံထံကသိရသည်။

“၁၀နာရီခွဲလောက်မှာ မိုင်းပေါက်တဲ့အသံကြားတယ်။ ခဏခဏ အဲလိုအသံကြားနေကြဆိုတော့ သိပ်ပြီး မထူးသလိုနဲ့ ဒီလိုပဲနေကြတာ။  ညနေစောင်းတော့ သူပြန်မလာတာနဲ့ လိုက်ရှာကြတော့ သူ့ကိုအသက်မရှိတော့ဘဲ ပြန်တွေ့ရတာ”ဟု အမည်မဖော်လို သည့် ဒေသခံက မဇ္စျိမကိုပြောသည်။

မဏိပူရမြစ်သို့ ငါးဖမ်းသွားစဉ် မိုင်းနင်းမိခြင်းဖြစ်ပြီး သေဆုံးသူကို ရှာဖွေရှာတွင် လမ်းတလျှောက် မိုင်းရှင်းလင်းရေးပြုလုပ်ပြီးမှသာ ရုပ်အလောင်းကောက်ယူခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသူသည် အသက် ၅၂နှစ်အရွယ် ဦးငွန်ကစ်ခွါလ်ဆိုသူသည်ဖလမ်းမြို့နယ်၊ လိုင်ဇိုးရွာသားဖြစ်ပြီး ဗားရ်စခန်း မိုးလေဝသဝန်ထမ်း ဖြစ်သည်ဟု ဒေသခံကပြောသည်။

စစ်ကောင်စီတပ်၏ ဗားရ်းစခန်းနှင့် အောက်ဘက် နှစ်ဖာလုံခန့်နေရာ၌ ညနေ ၅နာရီ ၃၀မိနစ်ခန့်တွင် ၎င်းအား ခြေကျင်းဝတ်အထက်ပိုင်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

“စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေ ထောင်တဲ့မိုင်း နင်းမိတာပါ။ ကျနော်တို့ ဗားရ်စခန်းတခါသိမ်းပြီးကတည်းက ပတ်ဝန်ကျင်တခုလုံးမှာ မိုင်းအကုန်ထောင်ထားကြတာဗျ ။ အဲဒီမတိုင်ခင်က စကစဘက်က  မိုင်းထောင်တာမျိုးမရှိပါဘူး ။ စခန်းသိမ်းပြီး ကျနော်တို့လည်း အဲဒီဘက် သွားတာမျိုး မရှိတော့ပါဘူး” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

ဧပြီလ ၁၀ရက် နံနက် ၅နာရီအချိန်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဗားရ်းတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ဦး သေဆုံးပြီး ၁၁ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စခန်းအနီးပတ်ဝန်းကျင်ကို မိုင်းများထောင်ထားသဖြင့် ယခုကဲ့သို့ ဒေသခံများ မိုင်းနင်းမိပြီး အသက် ဆုံးရှုံးရခြင်းဖြစ်ကြောင်း CNDF တာဝန်ရှိသူက ပြောဆိုသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို ဖလမ်းမြို့ဆေးရုံသို့ ခေါ်ဆောင်သွားပြီးစစ်ဆေးခဲ့ကာ ယနေ့ စက်တင်ဘာလ ၂၂ရက် နေ့လည် ၂နာရီခန့်တွင် ၎င်း၏ ဇာတိ လိုင်ဇိုးရွာတွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်းနှင့် သေဆုံးသူတွင် သားသမီးသုံးဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။

စာတည်း။   ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required