ဖက်ဒရယ် မြန်မာပြည်သစ် ဆီသို့ - ပဋိပက္ခ၊ ခက်ခဲရှုပ်ထွေးမှုနှင့် ရာသီဥတု ပြောင်းလဲမှု

By Ashley South
06 September 2023
ဖက်ဒရယ် မြန်မာပြည်သစ် ဆီသို့ - ပဋိပက္ခ၊ ခက်ခဲရှုပ်ထွေးမှုနှင့် ရာသီဥတု ပြောင်းလဲမှု

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် တရားဝင်အစိုးရတရပ် မရှိခိုက်တွင် နိုင်ငံရေး အချုပ်အခြာအာဏာသည် ၁၉ ရာစုက ဗြိတိသျှ အိန္ဒိယ၏ ကိုလိုနီအဖြစ် အတူတကွ ပူးပေါင်းခဲ့ကြသည့် လူမျိုးအုပ်စုများသို့ ပြန်ရောက်သွားသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၊ ပြည်နယ်အဆင့်လယ်ဗယ် အစုအဖွဲ့သစ်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSOs) များသည် ရှေ့ပြေး အမျိုးသားနိုင်ငံများအပေါ် အခြေတည်သည့် ဗမာ (မြန်မာ) ပြည်သစ်ကို “အောက်ခြေမှ အပေါ်သို့” ထူထောင်တည်ဆောက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍများတွင် ရှိနေသည်။

စစ်အာဏာသိမ်းမှု မတိုင်ခင်က မြန်မာနိုင်ငံရှိ စိန်ခေါ်မှုသည် ဆယ်စုနှစ်များချီကြာ ပဋိပက္ခများနောက်ပိုင်း နက်ရှိုင်းသည့် ပြိုင်ဆိုင်မှုတို့ ရှိသော်ငြား အတော်အတန် စည်းလုံးသည့် နိုင်ငံတနိုင်ငံကို ဖက်ဒရယ်ပြုရေး (federalize) ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်တွင်မူ စိန်ခေါ်မှုက အတူတကွ ဖွဲ့စည်းတည်ထောင်ခြင်း (federating) လုပ်ငန်းစဉ်သစ်တခုမှတဆင့် ဗမာ(မြန်မာ) နိုင်ငံကို ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။

ရာသီဥတု ပြောင်းလဲမှု၏ အလျဉ်ပြတ် ပျက်ပြားစေမှုများက နိုင်ငံ၏ တစစီကွဲမှုကို ထပ်မံစေ့ဆော်လိမ့်မည် ဖြစ်သည်။ အများယုံကြည် လက်ခံပြီး တရားဝင်သော ဗဟို အာဏာပိုင်များ ရှိမနေဘဲ စစ်ကောင်စီက နိုင်ငံကို လုယက်ဖျက်ဆီးနေချိန်တွင် EAO များနှင့် CSO များသည် ရာသီဥတု ပြောင်းလဲမှုအပေါ် လိုက်လျောညီထွေ တုံ့ပြန်ရာတွင် အရေးပါသော ဇာတ်လိုက်များ ဖြစ်သည်။ ဌာနေတိုင်းရင်းသား လူမျိုးစု အစုအဖွဲ့များနှင့်အတူ လက်တွဲလျက် ၎င်းတို့အနေဖြင့် သဘာဝတရားကို အခြေတည်သော ဖြေရှင်းနည်းလမ်းများမှတဆင့် ရာသီဥတု ပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ နေထိုင်ရာတွင်နှင့် ရာသီဥတု ပြောင်းလဲမှုကို လျှော့ချရာတွင် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသော အခန်း ကဏ္ဍများတွင် ရှိနေသည်။

 

ဖက်ဒရယ်ပြုခြင်းနှင့် အတူတကွ ဖွဲ့စည်းတည်ဆောက်ခြင်း လုပ်ငန်းစဉ်များ

“ငြိမ်းချမ်းရေး” ကဲ့သို့ပင် “ဖက်ဒရယ်လစ်ဇင်” သည် အမျိုးမျိုးကွဲပြားသော သက်ဆိုင်ပတ်သက်သူများအတွက် မတူညီသော အရာများကို အဓိပ္ပါယ် သက်ရောက်သည်။ “စစ်မှန်သော ဖက်ဒရယ်လစ်ဇင်” အတွက် တောင်းဆိုမှုများက အကန့်အသတ်မဲ့ ကျယ်ပြန့်သည်။ သို့သော် အယူအဆ၊ အမြင်သဘောထားကို အမြဲတစေ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။

သတ်မှတ်ချက်အဆိုအရ ဖက်ဒရယ်လစ်ဇင်သည် ဗဟို (ဖက်ဒရယ်/ပြည်ထောင်စု) အစိုးရနှင့် ဒေသ (ပြည်နယ်/တိုင်း) အစိုးရများအကြား အာဏာနှင့် လုပ်ပိုင်ခွင့် ခွဲဝေထားသည့် ရောနှောထားသော အစိုးရ အချုပ်အခြာအာဏာ စနစ်တခုအဖြစ် ဆိုလိုသည်။ စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် ဖက်ဒရယ်လစ်ဇင် ပုံစံသစ်တခုက “အောက်ခြေမှ အထက်သို့’ ပေါ်ထွက်လာလျက် ရှိသည်။ EAO နှင့် ပြည်နယ် အခြေပြု စနစ်များအနက် အများအပြားသည် ဆယ်စုနှစ်များကြာ ထူထောင်ထားပြီး ဖြစ်သော်လည်း နိုင်ငံရေး သက်ဆိုင်ဆက်စပ်မှုကို ပြန်လည် အသစ်ပြုပြင်ထားသည်။ စင်စစ်အားဖြင့် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း မကြုံစဖူးအဖြစ် ‘အတူတကွ ဖွဲ့စည်းတည်ထောင်မှု အခိုက်အတန့်’ တခုကို ကြုံတွေ့နေရသည်။

၁၉၄၇ ဖေဖေါ်ဝါရီ ပင်လုံညီလာခံကို ယင်းကဲ့သို့ အတူတကွ ဖွဲ့စည်းတည်ထောင်မှု အခိုက်အတန့်တခုအဖြစ် ရှုမြင်၍ ရနိုင်သည်။ ယင်းတွင် သေချာပေါက်အားဖြင့် လူမျိုးပေါင်းစုံကို အပြည့်အဝ ကိုယ်စားပြုခြင်း မရှိသော်လည်း ရှမ်း၊ ချင်းနှင့် ကချင် လူမျိုးစုများမှ ခေါင်းဆောင်များသည် ဗြိတိသျှ ကိုလိုနီလက်အောက်မှ ထွက်ခွာပြီးနောက် လွတ်လပ်သော ပြည်ထောင်စုတခု ထူထောင်ဖွဲ့စည်းရန် အတူတကွ စုစည်းခဲ့ကြသည်။ ပင်လုံညီလာခံအပြီး လအနည်းငယ်အကြာတွင် ပြဋ္ဌာန်းခဲ့သည့် ဗမာပြည်ထောင်စု၏ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပုံပန်းအားဖြင့် ဖက်ဒရယ်လစ် ဖြစ်ခဲ့သည်။ သို့သော် အထူးသဖြင့် ယင်းသည် လက်တွေ့ကျင့်သုံးရာတွင် ဗဟိုက ချုပ်ကိုင်ခြင်း ဖြစ်နေခဲ့သည်။ အကြောင်းမှာ ရန်ကုန် အခြေစိုက် အစိုးရသည် တိုင်းရင်းသားပြည်နယ်များအပေါ် ဘတ်ဂျက်ဆိုင်ရာ ထိန်းချုပ်မှုကို ထိန်းထားခဲ့၍ ဖြစ်သည်။ ယင်းနောက် ၇၅ နှစ်အကြာတွင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုတခုကို ဖွဲ့စည်းထူထောင်ရန် ဖက်ဒရယ်လစ်ဇင်ကို ပြန်လည် ညှိနှိုင်းရန် လိုအပ်သည်။

မြန်မာတွင် ဖက်ဒရယ်လစ်ဇင်ကို အောင်မြင်ရရှိရေး ယခင် ကြိုးပမ်းမှုများသည် အထမမြောက်၊ မအောင်မြင်ခဲ့ဘဲ အကြောင်းမှာ စစ်တပ်နှင့် ဗဟိုအစိုးရအဆက်ဆက်ဘက်တွင် နိုင်ငံရေး စိတ်ဆန္ဒ မရှိခြင်းကြောင့် (နှင့် ပို၍ လျော့နည်းသည့် အတိုင်းအတာတခုအဖြစ် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအပိုင်းတွင် ရှင်းလင်းသည့် မဟာဗျူဟာ မရှိခြင်းကြောင့်) ဖြစ်သည်။ ထို အရေးကိစ္စများသည် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲများနှင့် ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းမှု မတိုင်ခင် ကာလကြာကတည်းက ပေါ်လွင်ထင်ရှားခဲ့သည်။

၂၀၁၆ မှ ၂၀၂၀ အထိ အုပ်ချုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည်လည်း အရင် စစ်အစိုးရများကဲ့သို့ပင် တိုင်းရင်းသား လူမျိုးစုများ၏ စိုးရိမ်ပူပန်မှုများနှင့် တောင်းဆိုမှုများအပေါ် အလေးထားအာရုံစိုက်မှု နည်းပါးခဲ့သည်။ ၂၀၁၅ အောက်တိုဘာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) စာချုပ်ကို ဦးတည်စေခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံပြု ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က အစပြုခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရပ်ကို NLD က သူ့လက်ထက်တွင် ဆက်လက်ကြီးကြပ်ခဲ့သည်။ သို့သော် စစ်အာဏာသိမ်းချိန်တွင် NCA လုပ်ငန်းစဉ်သည် အများအားဖြင့် အယုံအကြည်ကင်းမဲ့သွားစေပြီး တန့်အီသွားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ကရင်အမျိုးသား အစည်းအရုံး၊ ကချင် လွတ်မြောက်ရေး အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီနှင့် ချင်း အမျိုးသား တပ်ဦး ကဲ့သို့ EAO အဖွဲ့များသည် အသစ် ဖွဲ့စည်းပေါ်ပေါက်သည့် ရာနှင့်ချီသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့်အတူ အာဏာသိမ်းစစ်ကောင်စီ (SAC) ကို ဆန့်ကျင်တော်လှန်သည့် ရှေ့တန်းနေရာတွင် ရှိနေခဲ့ကြသည်။ အရေးပါသည့် EAOs များသည် ၎င်းတို့၏ နယ်မြေ ထိန်းချုပ်မှုကို ချဲ့ထွင်ခဲ့ကြပြီး အခြေစိုက်စခန်း များစွာကို ဝန်ပိနေသော စစ်တပ်ထံမှ လွတ်မြောက်စေခဲ့သည်။ အချိန်ကာလကြာ ထူထောင်ထားကြသည့် EAOs အဖွဲ့ တဒါဇင်ကျော် (အချို့သည် စစ်ကောင်စီနှင့် တိုက်ခိုက်နေသော်လည်း တချို့သည် တိုက်ခိုက်ခြင်းမရှိ) သည် ပဋိပက္ခဒဏ်သင့် ဧရိယာများတွင် သန်းနှင့်ချီသော ခုခံနိုင်စွမ်း အားနည်းသည့် ပြည်သူများအတွက် အခြေခံကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုအထောက်အပံ့များ ပံ့ပိုးပြီး တရားမျှတမှု ရနိုင်ခွင့်ပေးကာ အရေးပေါ် ကူညီကယ်ဆယ်မှုများ ထောက်ပံ့ပေးကြသည်။

 

တိုင်းရင်းသား လူမျိုးစု သို့မဟုတ် ပြည်နယ် အခြေပြု ဖက်ဒရယ်လစ်ဇင်လား

 

အာဏာသိမ်းပြီးနောက် ပြည်နယ် အခြေပြု နိုင်ငံရေး ညှိနှိုင်းဆောင်ရွက်မှုနှင့် စီမံအုပ်ချုပ်မှု အစုအဖွဲ့သစ်များက နိုင်ငံတဝန်း ထွက်ပေါ်လာခဲ့ကြပြီး နိုင်ငံတွင် ခုခံတော်လှန်မှုနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ဆိုင်ရာ အဓိပ္ပါယ်များကို ပြန်လည်အနက်ဖွင့်ကြသည်။ EAO များ စည်းရုံးသည့် ပိုမို ကျဉ်းမြောင်းစွာ အနက်အဓိပ္ပါယ်ဖွင့်သော တိုင်းရင်းသား အစုအဖွဲ့များထက် ပထဝီဝင်ဆိုင်ရာ နယ်မြေများနှင့် ပတ်သက်ပြီး အဓိက စိတ်ကူးဖော်ပြီး ယင်းတို့သည် ဖြစ်နိုင်ဖွယ်ရာအားဖြင့် နိုင်ငံ၏ သမိုင်းတွင် အကျယ်ပြန့်ဆုံးသော လူ့အဖွဲ့အစည်းများ ဖြစ်သည်။

ပြည်နယ် အခြေပြု အစုအဖွဲ့များကို ကချင် (ပထမဆုံး)၊ မွန်၊ ကရင်နီ၊ ချင်း၊ ရှမ်းပြည်နယ်တို့နှင့် တနင်္သာရီ၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းတို့တွင် ထူထောင်ထားကြသည်။ တချို့သော ဧရိယာများတွင် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ (PAB) များက အလားတူ အခန်း ကဏ္ဍများတွင် ရှိနေကြသည်။ အထူးသဖြင့် EAOs များ အများအားဖြင့် လှုပ်ရှားခြင်း မရှိသည့် ဗမာ အများစု ဒေသများတွင် ဖြစ်သည်။ စစ်ကိုင်း၊ မကွေးနှင့် တခြားသော နေရာများ၏ လွတ်မြောက် ဧရိယာများတွင် PDF နှင့် PAB တချို့သည် NUG ၏ လမ်းညွှန်ချက်အောက်တွင် (အမြဲတစေ မဟုတ်သော်လည်း) ဥပဒေစိုးမိုးရေး၊ ကယ်ဆယ်ရေးနှင့် ပညာရေး ပံ့ပိုးမှုဆိုင်ရာ တာဝန်ဝတ္တရားများကို တာဝန်ယူထားကြသည်။

 

အတိမ်းအစောင်းမခံသော အခြေအနေတခု- မြန်မာတွင် ရာသီဥတုဆိုင်ရာ တရားမျှတမှုအတွက် ကြိုးပမ်းမှုများ

 

ရာသီဥတု ပြောင်းလဲမှု၏ နှောင့်ယှက်အလျဉ်ပျက်ပြားစေမှုများက မြန်မာနိုင်ငံ၏ တစစီကွဲမှုကို ထပ်မံ စေ့ဆော်လိမ့်မည် ဖြစ်သည်။ ယင်းကို တိုင်းရင်းသား လူမျိုးစုဝင် အများအပြား၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့် ဧရိယာများ၌ နေထိုင်သူများက တရားဝင်ဖြစ်သည်ဟု မည်သည့်အခါကမှ မြင်ခြင်း မရှိခဲ့ပေ။ ရာသီဥတု ပြောင်းလဲမှုက နိုင်ငံရေး ဖွဲ့စည်းပုံ သစ်များနှင့် အချုပ်အခြာအာဏာသစ်များ ရှာဖွေရန် အခွင့်အလမ်းများကို ပေးသည်။ ဒေသဆိုင်ရာ သက်ဆိုင်သူများသည် လိုက်လျောညီထွေ ရှိအောင် ပြင်ဆင်ခြင်းနှင့် သက်သာလျော့ပါးစေရေး မဟာဗျူဟာ အမျိုးမျိုးနှင့် ပတ်သက်ပြီး လုပ်ဆောင်နေကြလျက် ရှိသည်။ သို့သော် သဘာဝပတ်ဝန်းကျင်နှင့် အရပ်ဖက် လူအစုအဖွဲ့များအပေါ် စစ်ကောင်စီက တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် ၎င်းတို့အနေဖြင့် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

၂၀၂၃ မတ်လတွင် နိုင်ငံတကာအစိုးရများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အဖွဲ့ (IPCC - ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်ပြီး သိပ္ပံပညာဆိုင်ရာ အကဲဖြတ်မှု ကုလအဖွဲ့) က ၎င်းတို့၏ ၂၀၂၃ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် “လူကြောင့် ဖြစ်စေတဲ့ ရာသီဥတု ပြောင်းလဲမှုက သဘာဝတရားနဲ့ လူသားတို့အပေါ် ထိခိုက်စေတဲ့ သက်ရောက်မှုတွေ၊ ဆက်စပ် ဆုံးရှုံးမှုတွေနဲ့ ထိခိုက်ပျက်စီးစေမှုတွေ ပျံ့နှံ့ဖြစ်ပေါ်စေအောင် ဦးတည်စေပါတယ်။ သမိုင်းကြောင်းအရ လက်ရှိ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေဖို့ အကြောင်းခံမှု နည်းပါးခဲ့တဲ့ ခုခံနိုင်စွမ်းအားနည်းတဲ့ လူအစုအဖွဲ့တွေဟာ မမျှမတစွာ ထိခိုက်ခံစားနေရတယ်” ဟု ပြောသည်။

၂၀၂၃-၂၄ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် သက်ရောက်မှုများကို ပိုမို ဆိုးဝါးစေဖွယ် ရှိနေသည်။ အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အခွင့်အလမ်း တံခါးပေါက်က အလျင်အမြန် ပိတ်နေပြီ ဖြစ်သည်။

လာမည့် နှစ်အနည်းငယ်တွင် ကမ္ဘာ့ အပူချိန်များသည် စက်မှုကာလ မတိုင်မီ  လယ်ဗယ်များ၏ အထက် (၂၀၁၅ ပါရီ ရာသီဥတု သဘောတူညီချက်တွင် ချမှတ်သည့် ရည်မှန်းချက်ပန်းတိုင်ကို ချိုးဖျက်လျက်) ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ကျော်ဖြင့် မြင့်တက်ဖွယ် ရှိပြီး အရှေ့တောင်အာရှ တခွင်တွင် မိုးခေါင်မှုများနှင့် ရေကြီးမှုများ တိုးမြင့် ဖြစ်ပေါ်ခြင်း အပါအဝင် ကမ္ဘာကြီးကို လွန်ကဲပြင်းထန်သည့် ရာသီဥတု ပုံစံများနှင့် ထပ်မံ ထိတွေ့စေရန် ရှိနေသည်။ ဝင်ငွေနိမ့် နိုင်ငံများက အထူးတလည်အားဖြင့် အဆိုးဆုံး ထိခိုက်မည် ဖြစ်ပြီး အထူးသဖြင့် လူသားချင်းစာနာမှု (လူကြောင့် ဖြစ်သောနှင့် သဘာဝဆိုင်ရာ) ဘေးဒုက္ခဆိုးများနှင့် ရင်ဆိုင်နေရပြီးဖြစ်သူများ အဆိုးဆုံး ထိခိုက်လိမ့်မည် ဖြစ်သည်။

မြန်မာအနေဖြင့် ဒေသနှင့် ကမ္ဘာကြီးကို ထိခိုက်စေသည့် ရာသီဥတု အကျပ်အတည်းများအတွက် အနည်းအကျဉ်းမျှသာ တာဝန် ရှိသည်။ သမိုင်းအားဖြင့် အာရှတွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံတနိုင်ငံအနေဖြင့် မြန်မာသည် ရာသီဥတု ပြောင်းလဲမှုကို စေ့ဆော်တွန်းပို့သည့် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများ ထုတ်လုပ်ရာတွင် အလွန် အသေးအဖွဲဖြစ်သည့် အခန်း ကဏ္ဍတခုတွင်သာ ပါဝင်ထားခဲ့သည်။ မည်သို့ပင်ဆိုစေ နိုင်ငံသည် ရာသီဥတုနှင့် ဆက်နွယ်သည့် ဘေးအန္တရာယ်များကို အထူးတလည် ခုခံနိုင်မှု အားနည်းနေသည်။ ပုံမှန်မဟုတ်သည့် ဖောက်ပြန်မှုအသစ်များတွင် COVID-19 ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါများလည်း ပါဝင်သည်။

 

မြန်မာတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုများ

 

နိုင်ငံဆိုင်ရာ တနေ့တာ ပျမ်းမျှ အပူချိန်များသည် ၁၉၈၁ နှင့် ၂၀၁၀ (အမြင့်ဆုံး အပူချိန်များက ဆယ်စုနှစ်တစုလျင် ၀ ဒသမ ၄ ဒီဂရီ စင်တီဂရိတ်အားဖြင့် မြင့်တက်နေ) အကြား ဆယ်စုနှစ်တစုလျင် ၀ ဒသမ ၂၅ ဒီဂရီ စင်တီဂရိတ် မြင့်တက်ခဲ့သည်။ ယင်းလာရာက ဆက်သွားဖွယ် ရှိပြီး မြန်မာနိုင်ငံတဝန်း လူအစုအဖွဲ့များသည် ၂၀၂၂-၂၃ တွင် ပုံမှန်မဟုတ်သည့် မြင့်မားသော အပူချိန်များနှင့် တသမတ်တည်း မရှိသော မိုးရေချိန်များကို ကြုံတွေ့ထားကြရသည်။

နိုင်ငံတွင်၊ အထူးသဖြင့် အာဏာသိမ်းပြီးနောက် ရာသီဥတု ဆိုင်ရာ ဒေတာအချက်အလက်တို့ ကင်းမဲ့နေသည်။ သို့သော် ရှားရှားပါးပါး များမကြာမီက လေ့လာချက်တရပ် (ထွန်းဦး et al ၂၀၂၃) အရ “များပြားသော မိုးရေချိန်နှင့် ပိုမို ပြင်းထန်သော ရာသီဥတုနှင့်အတူ အနောက်တောင် မုတ်သုံလေက နောက်ကျမှ ရောက်ရှိပြီး ဆောလျင်စွာ ထွက်ခွာသွားသည်။ ကမ်းရိုးတန်း ဧရိယာများတွင် ပင်လယ်ရေလယ်ဗယ်များ မြင့်တက်လျက် ရှိသည်။ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း လယ်ယာစိုက်ပျိုးမြေများထဲ ဆားငန်ရေ ဝင်ရောက်မှုက သိသိသာသာ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ဆိုင်ကလုန်းများသည် ယခင် ဆယ်စုနှစ်များအတွင်းက ပျမ်းမျှအားဖြင့် သုံးနှစ်လျင် တကြိမ် ဆိုသည်နှင့် နှိုင်းယှဉ်ပါက နှစ်စဉ်နီးပါးဆိုသလို ဖြစ်ပေါ်နေသည်” ဟု မှတ်ချက်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly