အရပ်သားများကို တိုက်ခိုက်နေခြင်း ရပ်တန့်ရန် စစ်ကောင်စီအား အာဆီယံခေါင်းဆောင်များ တိုက်တွန်း 

အရပ်သားများကို တိုက်ခိုက်နေခြင်း ရပ်တန့်ရန် စစ်ကောင်စီအား အာဆီယံခေါင်းဆောင်များ တိုက်တွန်း 

မြန်မာနိုင်ငံတွင် အရပ်သားများအား အကြမ်းဖက်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို အာဆီယံခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အာဏာသိမ်း စစ်ကောင်စီကို တိုက်ရိုက်အပြစ်တင်ကာ သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်အား အကောင်အထည်ဖော်မှုလည်း မစို့မပို့သာ ရှိသည်ဟု အင်ဒိုနီးရှား အိမ်ရှင်အဖြစ် ကျင်းပသည့် အင်္ဂါနေ့ ထိပ်သီးအစည်းအဝေး၌ ပြောဆိုသည်။ 

မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအား ၂၀၂၁ စစ်အာဏာသိမ်းမှု၌ ဖြုတ်ချပြီး သဘောထားကွဲလွဲသူများကို သေလောက်အောင် ဖြိုခွင်းခြင်းများဖြင့် လူအသေအဆုံးများသော အကြမ်းဖက်မှုများဖြင့် ဝရုန်းသုန်းကား ဖြစ်နေသည်။ 

အပြောဘဲ ရှိသည်ဟု ဝေဖန်သူများ၏ ရေရှည်ရှုတ်ချခြင်း ခံနေရသော အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက မြန်မာ့အရေးတွင် တသဘောတည်း အသံထွက်ရန် အင်ဒိုနီးရှားမြို့တော် ဂျကာတာ၌ တွေ့ဆုံကြခြင်း ဖြစ်သည်။ 

အကြမ်းဖက်မှုများကို လျှော့ချရန်နှင့် အရပ်သားများ၊ အိမ်ခြေများနှင့် စာသင်ကျောင်း၊ ဆေးရုံနှင့် ဈေးကဲ့သို့သော ပြည်သူ့အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ရပ်တန့်ရန် အထူးသဖြင့် မြန်မာလက်နက်ကိုင်တပ်များနှင့် သက်ဆိုင်ရာ ဆက်စပ်သည့် အဖွဲ့များအားလုံးကို အာဆီယံခေါင်းဆောင်များက တိုက်တွန်းထားကြောင့် အေအက်ဖ်ပီက မြင်တွေ့ခဲ့ရသည့် အချက် ၁၉ ချက်ပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်”ဟု ထို ထုတ်ပြန်ချက်၌ ဆိုသည်။ 

စစ်ကောင်စီသည် လက်နက်ကိုင်တပ်များ၏ အမာခံမြေနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။ 

မြန်မာ့အရေး ဖြေရှင်းဗေရး သံတမန်ရေး ကြိုးပမ်းအားထုတ်မှုများမှာလည်း အရာမထင်ဘဲ လွန်ခဲ့သည့် နှစ်နှစ်က အာဆီယံအဖွဲ့ဝင်များနှင့် သဘောတူထားသော ငြိမ်းချမ်းရေးအစီအစဉ် ဘုံ ငါးရပ်ကို စစ်ကောင်စီက မျက်ကွယ်ပြုထားကာ နိုင်ငံတကာ ဝေဖန်မှုများကိုလည်း အရေးမထားဘဲ ရှိနေပြီး အတိုက်အခံများနှင့် စေ့စပ်ညှိနှိုင်းရေးကို ငြင်းဆိုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required