မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် စစ်ဘေးရှောင်ကျေးရွာ ၂၆ ရွာအထိရှိလာ 

By YT (မဇ္ဈိမ)
03 September 2023
မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် စစ်ဘေးရှောင်ကျေးရွာ ၂၆ ရွာအထိရှိလာ 
ပုံအညွှန်း - ပုံ(၁) - ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအချို့အား တွေ့ရစဉ်၊ ပုံ (၂) (၃) (၄) (၅) (၆)- စစ်ကောင်စီတပ်​၏ ပစ်ခတ်မှုများကြောင့် နေအိမ်ပျက်စီးမှုအချို့ (ဓါတ်ပုံ- KNU)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်​က အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် စစ်ဘေးရှောင်ရသည့် ကျေးရွာအရေအတွက် ၂၆ ရွာအထိ ရှိလာကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။ 

မုန်းမြို့နယ်တွင်  ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲများနှင့် စစ်ကောင်စီတပ်သားများအကြား တိုက်ပွဲဖြစ်ပွားနေကြောင်း KNU ထံက သိရသည်။ 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်အား KH-W ဂျက်ဖိုက်တာတစ်စီးနှင့် MI-35 ဟယ်လီကော်ပတာတို့ဖြင့် လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကောင်စီအထိုင်တပ်ရင်းများမှ လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် အနီးအနားရှိ ကျေးရွာ ၂၆ ရွာ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။ 

" တော်တော်များများက အခု တော်တော် ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပေါ့။ သစ်ချဆိပ်ဘက်ရယ်၊ ဒီဘက်မှာဆိုရင် ကြက်တက်ညောင်ပင်သာနဲ့ ကရင်ကျ၊ သမန်းကျင်းဘက်မှာ စစ်ဘေးရှောင်တွေ တော်တော်များများရှိပါတယ်။ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအတိုင်းအတာနဲ့ စာရင်းကောက်ခံတာ အကုန်တော့ မရသေးဘူး" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မုန်းမြို့နယ်)တာဝန်ရှိသူတစ်ဦးက ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က မဇ္ဈိမကိုပြောသည်။

စစ်ဘေးရှောင်ကျေးရွာ ၂၆ ရွာအနက် KNU အနေဖြင့် ကျေးရွာ ၁၃ ရွာကို တိတိကျကျ စာရင်းကောက်ယူထားနိုင်ပြီး အဆိုပါ ကျေးရွာများတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံ စုစုပေါင်း ၆,၃၂၉ ဦး ရှိကြောင်း KNU က ဖော်ပြထားသည်။ 

ဆက်လက်၍ KNU အနေဖြင့် ညောင်ပင်သာကျေးရွာ၊ ကြက်တက်ညောင်ပင်သာကျေးရွာ၊ ကရင်ကျကျေးရွာ၊ ယောက်သဝကျေးရွာ၊ လှည်းလမ်းကူးကျေးရွာ၊ တလအိုင်ကျေးရွာ၊ ကျောက်ကြီးဘက်ကမ်းကျေးရွာ၊ နှောတောကျေးရွာ၊ မဲဖလန်ကျေးရွာ၊သရက်တန်းကျေးရွာ၊ သမန်းကျင်းကျေးရွာ၊ ဘွာအိမ်စုကျေးရွာနှင့် မိကျောင်းခေါင်းကျေးရွာ စသည့် ကျေးရွာ ၁၃ ရွာမှ စစ်ဘေးရှောင်လူဦးရေစာရင်းအား ဆက်လက်ကောက်ခံလျက်ရှိကြောင်း သိရသည်။

ဒေသခံများအနေဖြင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်ရှိနေခဲ့သည့် ၎င်းတို့​၏ အိုးအိမ်၊ စည်းစိမ်များသည်လည်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် ပျက်စီးခြင်း၊ မီးရှို့ခံရခြင်း၊ စစ်ကောင်စီတပ်​၏ ယူဆောင်ခံရခြင်းများရှိကြောင်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဝင်ထံက သိရသည်။ 

" စစ်ကောင်စီတပ်သားတွေက မနေ့ကအထိဆိုရင် ပြည်သူတွေရဲ့အိမ်ပေါ်တက်တယ်။  ပစ္စည်းတွေယူတယ်။ ကျွဲ၊ နွားတွေကို ဆွဲယူတယ်။ ပြည်သူတွေက ပြောတဲ့အခါကျတော့ ပစ်သတ်တာတွေ လုပ်တယ်။ ပြီးတော့ ရွာမီးရှို့တာတွေလည်း လုပ်တယ်" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မုန်းမြို့နယ်) မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

မုန်းမြို့နယ်မှ စစ်ဘေးရှောင် ဒေသခံများအတွက် ကရင်အရပ်ဘက်ကူညီကယ်ဆယ်ရေးအဖွဲ့ (KRC) က စားနပ်ရိက္ခာများ၊ ဆေးဝါးကုသမှုများကို ကူညီပေးလျက်ရှိသော်လည်း မိုးရာသီဖြစ်သည့်အလျောက် အဆိုပါ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required