အစိုးရသစ်အဖွဲ့အား ထိုင်းဘုရင် အတည်ပြု

By The Straits Times
02 September 2023
အစိုးရသစ်အဖွဲ့အား ထိုင်းဘုရင် အတည်ပြု
Photo-EPA

ထိုင်းဘုရင်မင်းမြတ် မဟာ ဝါဇီရလောင်ကွန်းသည် အိမ်ခြံမြေ လုပ်ငန်းရှင်ကြီး ဆရတ်သာ သာဗီဆင်းက နိုင်ငံ၏ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူထားခြင်း အပါအဝင် အစိုးရသစ်အား အတည်ပြုလိုက်ကြောင်း မေလ ရွေးကောက်ပွဲနောက်ပိုင်း လအတန်ကြာ စက်တင်ဘာ ၂ ရက် တော်ဝင်ပြန်တမ်းအရ သိရသည်။

ဘီလျှံနာသူဌေး ရှင်နာဝတ်ထရာ မိသားစု ကျောထောက်နောက်ခံသော ဆရတ်သာ၏ ဖျူထိုင်းပါတီသည် ကာကွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများကိုတာဝန်ယူမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မတ်လမှ စတင်ကာ အိမ်စောင့်အစိုးရ တာဝန်ယူထားခြင်း ဖြစ်ပြီး မေရွေးကောက်ပွဲ၍ အနိုင်ရသည့် ရှေ့သို့ချီပါတီသည် အစိုးရဖွဲ့နိုင်ရေးအတွက် ရုန်းကန်ခဲ့ရပြီး ပါတီ၏ တိုးတက်ရေး လုပ်ငန်းစဉ်များအပေါ် ရှေးရိုးစွဲ လွှတ်တော်အမတ်များထံမှ ထောက်ခံမှု မရခဲ့ခြင်း ဖြစ်သည်။

ဒုတိယအနိုင်ရသော ဖျူထိုင်းပါတီက ရှေ့သို့ချီပါတီနှင့် မဟာမိတ်ဖွဲ့မှုကို ဖျက်သိမ်းပြီး စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်စပ်သော ပြိုင်ဖက်ပါတီများနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ထိုင်းစစ်ဗိုလ်ချုပ်ကြီးများသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုများ၌ ရှင်နာဝတ်ထရာနှင့် ဆက်စပ်သည့် ပါတီများကို ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။

တန်ဖိုးကြီး အိမ်ခြံမြေ ရောင်းဝယ်ရေး Sansiri ကုမ္ပဏီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဆရတ်သာက ဝန်ကြီးချုပ်အဖြစ် လွှတ်တော်၏ ဩဂုတ်လအတွင်း မဲပေးမှု၌ အနိုင်ရခဲ့ပြီးနောက် သီတင်းပတ်အတန်ကြာတွင် ယခုကဲ့သို့ အစိုးရသစ် ဖွဲ့စည်းကြောင်း ကြေညာလာခြင်း ဖြစ်သည်။

လွှတ်တော်၌ ဝန်ကြီးချုပ် တင်မြှောက်ရွေးကောက်သည့် နေ့မှာပင် ဖျူထိုင်းပါတီ၏ ပြယုဂ်ဖြစ်သည့် သက်ဆင် ရှင်နာဝတ်ထရာက ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ သက်ဆင်သည် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံရမည်ကို ရှောင်တိမ်းပြီး ပြည်ပတွင် ကိုယ်တိုင်ပြည်ပြေးအဖြစ် ၁၅ နှစ်တာ နေထိုင်ခဲ့သူ ဖြစ်သည်။

နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် ပထမဆုံးညမှာပင် ထောင်ဒဏ် ချမှတ်ခံရသည့် သက်ဆင်သည် ရင်ဘတ်အောင့်ခြင်းနှင့် သွေးတိုးခြင်းများကြောင့် ရဲဘက်ဆိုင်ရာ ဆေးရုံသို့ တက်ရောက်ခဲ့သည်။ နောက်ပိုင်း၌ ၎င်းသည် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားခဲ့သည်။

ထိုင်းဘုရင်မင်းမြတ်က သက်ဆင်၏ ဘုရင်အပေါ် သစ္စာရှိမှုနှင့် ကျန်းမာရေး ညံ့နေခြင်းများအတွက် ၎င်း၏ ပြစ်ဒဏ်ကို ထောင်ဒဏ် တနှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

ဆရတ်သာ၏ အာဏာ ရုတ်ခြည်း ရရှိလိုက်ခြင်း၊ သက်ဆင်၏ ပြည်တော်ပြန်ခရီး ချောမွေ့ခြင်းနှင့် ဖျူထိုင်းပါတီနှင့် ပြိုင်ဖက်ဟောင်းများကြား ညွန့်ပေါင်းဖွဲ့ခြင်းများကြောင့် သက်ဆင်နှင့် နိုင်ငံ၏ အာဏာပြည့်ဝသော ကွန်ဆာဗေးတစ်များနှင့် တော်ဝင်သစ္စာခံ စစ်တပ်တို့မှ ရန်ဘက်များကြား သဘောတူညီချက် အပေးအယူ ရှိလိမ့်မည်ဟု ထင်ကြေးများ ထွက်ပေါ်စေသည်။

သို့ရာတွင် သက်ဆင်ရော ဖျူထိုင်းပါတီကပါ ထို ထင်ကြေးများကို ငြင်းဆန်ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly