ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘိုင်ယန်က မန်ယူနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နယူးကာဆယ်က ပီအက်စ်ဂျီနဲ့ တစ်အုပ်စုတည်း ကျရောက်

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘိုင်ယန်က မန်ယူနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နယူးကာဆယ်က ပီအက်စ်ဂျီနဲ့ တစ်အုပ်စုတည်း ကျရောက်
Photo: EPA

မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့က အုပ်စုအဆင့် မဲခွဲမှုစဉ်အတွင်း ဒီရာသီ ချန်ပီယံလိဂ်မှာ ဟယ်ရီကိန်းရဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပဲရစ်စိန့်ဂျာမိန်းနဲ့ နယူးကာဆယ်ယူနိုက်တက်တို့ကတော့ တစ်အုပ်စုတည်းအတူ ကျရောက်ခဲ့ပါတယ်။

ဘိုင်ယန်နဲ့ ယူနိုက်တက်တို့ဟာ FC ကိုပင်ဟေဂင်နဲ့ တူရကီချန်ပီယံ ဂါလာတာဆာရေးတို့ ပါဝင်တဲ့ အုပ်စု A ကနေ တက်ရောက်ဖို့ ရေပန်းစားနေမှာဖြစ်ပါတယ်။

ဘွန်ဒက်လီဂါချန်ပီယံများနဲ့ အိုးထရက်ဖို့ဒ်အသင်းတို့ကြား ထိပ်တိုက်တွေ့မှုဟာ နှစ်သင်းကြား အကျော်ကြားဆုံး တွေ့ဆုံမှုကို အမှတ်ရစေမှာဖြစ်ပြီး ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အမှတ်ရစရာ come back နိုင်ပြီးနောက် ယူနိုက်တက်တို့ ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးကနေ ဂျာမနီဆီ မကြာသေးမီက ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ကိန်းဟာ “ဒါကို မစောင့်နိုင်ပါဘူး”လို့ ကြာသပတေးနေ့မှာ အုပ်စုတွေ နောက်ဆုံးမဲခွဲမှု ရလဒ်ရဲ့ ဓာတ်ပုံနဲ့အတူ တွစ်တာမှာ ရေးသားတင်ခဲ့ပါတယ်။

ဆော်ဒီပိုင်ဆိုင်တဲ့ နယူးကာဆယ်ဟာ အေစီမီလန်၊ ဒေါ့မွန်၊ ကာတာကျောထောက်နောက်ခံပြု ပီအက်စ်ဂျီတို့နဲ့ ရင်ဆိုင်ရမို့ အုပ်စု F က အကျပ်ဆုံးဖြစ်ပါတယ်။

နယူးကာဆယ်ဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်လာတာပါ။

အမ်ဘာပေကို ထိန်းထားပြီးနောက် ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီဟာ နောက်ဆုံး ၁၆ သင်းဆီ တက်လှမ်းဖို့ မျှော်လင့်ထားပေမယ့်လည်း နယူးကာဆယ်ဟာ ဒေါ့မွန်နဲ့ ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်ရောက် မီလန်အသင်းထက် နောက်တဆင့်တက်ဖို့ မျှော်လင့်ချက်ရှိပါလိမ့်မယ်။

"ဒါဟာ အရမ်းကို ခက်ခဲတဲ့အုပ်စုပါ၊ အဲဒါကို ကျနော်တို့ ဖုံးကွယ်လို့ မရပါဘူး၊ ဒါပေမယ့် ဒါကို ကျနော်တို့ လက်ခံပါတယ်"လို့ ဒေါ့မွန်ဥက္ကဋ္ဌ ဟန်စ်-ဂျိုအာချင်ဝစ်ဇ်ကီက Sky Germany ကို ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ဟာ ထူးခြားတဲ့ အရာတစ်ခုကို အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့ စီးတီးဟာ အုပ်စု G မှာ လိုက်ပ်ဇစ်၊ ရက်စတားဘဲလ်ဂရိတ်၊ ယန်းဘွိုင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အုပ်စုချောင်တယ်လို့ ပြောရမှာပါ။

ပက်ဂွာဒီယိုလာရဲ့အသင်းအနေနဲ့ ချန်ပီယံဆားဘီးယားနဲ့ ဆွစ်ဇာလန်အသင်းတို့ကို သွင်းဂိုးများဖို့ မျှော်လင့်နိုင်ပြီး ပြီးခဲ့တဲ့ရာသီ ရှုံးထွက် ၁၆ သင်းအဆင့်မှာ စီးတီးက လိုက်ပ်ဇစ်ကို နှစ်ကျော့ပေါင်း ၈-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ခဲ့ပါတယ်။

(AFP)

၂၀၂၃-၂၄ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲရလဒ်

အုပ်စု (A) 
ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ ကိုပင်ဟေဂင်၊ ဂါလာတာစာရေး

အုပ်စု (B) 
ဆီဗီလာ၊ အာဆင်နယ်၊ ပီအက်စ်ဗီ၊ လန်းစ်

အုပ်စု (C)
နပိုလီ၊ ရီးယဲလ်မက်ဒရစ်၊ ဘရာဂါ၊ ယူနီယံဘာလင်

အုပ်စု (D)
ဘင်ဖီကာ၊ အင်တာမီလန်၊ ဆောဇ်ဘက်ဂ်၊ ရီးယဲလ်ဆိုစီဒက်

အုပ်စု (E)
ဖီယင်နု၊ အက်သလက်တီကို၊ လာဇီယို၊ ဆဲလ်တစ်

အုပ်စု (F)
ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ အေစီမီလန်၊ နယူးကာဆယ်

အုပ်စု (G)
မန်စီးတီး၊ လိုက်ဇစ်ပ်၊ ရက်စတားဘဲလ်ဂရိတ်၊ ယန်းဘွိုင်း

အုပ်စု (H)
ဘာစီလိုနာ၊ ပေါ်တို၊ ရှာတာဒိုးနက်၊ အန်ဝက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly