အုတ်ဖိုတွင် အရပ်ဝတ်ဖြင့်သွားလာနေသည့် ဗိုလ်ကြီးတင်မျိုးအောင် ပစ်ခတ်ခံရပြီးသေဆုံး

By ရွှေနွယ်(မဇ္ဈိမ)
31 August 2023
အုတ်ဖိုတွင် အရပ်ဝတ်ဖြင့်သွားလာနေသည့် ဗိုလ်ကြီးတင်မျိုးအောင် ပစ်ခတ်ခံရပြီးသေဆုံး
ပုံအညွှန်း - ဗိုလ်ကြီးတင်မျိုးအောင်ထံမှသိမ်းဆည်းရရှိသည့်ပစ္စည်းများ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ခမရ(၆)မှ ဗိုလ်ကြီးတင်မျိုးအောင် အား မြေအောက်ပြောက်ကျားတပ်ဖွဲ့ကပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

ဩဂုတ်လ ၃၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်အတွင်း အရပ် ဝတ်ဖြင့်သွားလာနေသည့် ဗိုလ်ကြီးတင်မျိုးအောင်အား မြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲဘော်များက စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ရေးတာဝန်ခံမှ ပြောသည်။

“အုတ်ဖိုနဲ့အေးမြသာယာဘက်က အဖမ်းခံရတဲ့ကိစ္စတိုင်းမှာသူပါတယ်။ ကျွန်တော်တို့မြို့မှာ သူက အဓိက ပဲ။ လောင်းကစားဝိုင်းတွေ၊ ပြည့်တန်ဆာခန်းတွေကနေ သူကိုယ်တိုင် ငွေလိုက်ကောက်နေတာ” ဟု တပ်ရေးတာဝန်ခံကဆိုသည်။

အုတ်ဖိုမြို့နယ်အတွင်း  ပြည်သူများ၏လယ်ယာမြေများကို စစ်ကောင်စီမှ တပ်ပိုင်အဖြစ် သိမ်းဆည်းပြီး နောက် တာဝန်ခံဆောင်ရွက်နေသူဖြစ်သည်ဟုလည်း တပ်ရေးတာဝန်ခံက ဆိုသည်။

ဗိုလ်ကြီးတင်မျိုးအောင်သေဆုံးပြီးနောက် ၎င်းထံမှ MA 3 မောင်းပြန်သေနတ်တလက်၊ မိုလ်ဘိုင်းဖုန်း  တလုံး၊ ပိုက်ဆံအိတ်တခု၊ မှတ်ပုံတင်နှင့် ပြန်တမ်းဝင်စိစစ်ရေးကတ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ရင်း (၃၈၀၂) တပ်ရေးတာဝန်ခံမှ ပြောသည်။

အဆိုပါ ပစ်ခတ်မှုကိုလုပ်ဆောင်ခဲ့သော မြေအောက်ပြောက်ကျားတပ်ဖွဲ့− အုတ်ဖို၏ တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏စခန်းသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ခမရ(၆)မှတပ်ခွဲမှူး အောင်မျိုးသူ တပ်သားတဦး၏ပစ်ခတ်မှု ကြောင့် တပ်တွင်း လမ်းမပေါ်၌ သေဆုံးခဲ့သေးသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required