အုတ်ဖိုမြို့မှ လူငယ်ဇနီး‌မောင်နှံကိုPDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးကာ  စစ်ကောင်စီက သတ်ဖြတ်သွားဟု ဆို

By ရွှေနွယ် (မဇ္ဈိမ)
20 May 2023
အုတ်ဖိုမြို့မှ လူငယ်ဇနီး‌မောင်နှံကိုPDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးကာ  စစ်ကောင်စီက သတ်ဖြတ်သွားဟု ဆို
ကိုမြမင်းထက်နှင့် မသက်သက်ဦး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ လူငယ်ဇနီး‌မောင်နှံနှစ်ဦးကို PDF နှင့်ဆက်စပ်သည်ဟု  စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများနှင့် ပဲခူးတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

အုတ်ဖိုမြို့၊ဝိုင်းကျေးရွာအုပ်စု၊ တံငါကုန်းရွာမှ ကိုမြမင်းထက်နှင့် မသက်သက်ဦးကို  ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့တွင် ကြို့ပင်ကောက်မြို့၊သာစည်ကျေးရွာအနီး၌ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 
 
" ဖမ်းသွားပြီး ပြည် ဒကစ ကိုအရင်ခေါ်သွားတယ်။ ပြီးမှ ခမရ(၆)ထဲပြန်ခေါ်လာပြီးဖမ်းထားတာ။ မနေ့ကတော့ လင်မယားစုံတွဲကို ရိုးမထဲက PDF စခန်းတွေကိုလိုက်ပြဖို့ဆိုပြီးခေါ်လာပြီး သတ်ပစ်လိုက်တာပါ”ဟု  သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောသည်။ 

ကိုမြမင်းထက်သည် အသက် ၂၀ခန့်နှင့် မသက်သက်ဦးသည် အသက်၁၈နှစ်ခန့်သာရှိသေးသည့် ဇနီးမောင်နှံဖြစ်သည်ဟု သိရသည်။စစ်ကောင်စီတပ်က မေလ ၁၉ ရက် နေ့လယ်တွင် ကိုမြမင်းထက်နှင့် မသက်သက်ဦးတို့ကို ပဲခိုးရိုးမထဲမှ PDF စခန်းများကို လိုက်ပြခိုင်းပြီး ပဲခူးရိုးမအစပ်ရှိ အုတ်ဖိုမြို့နယ်အပိုင် ကိုင်းချိုကြီးနှင့် လက်ပံပင်ခုန်ကျေးရွာကြား၌ ပစ်သတ်ခဲ့သည်ဟု သတင်းရရှိထားကြောင်း  သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။ 

 "လင်မယားနှစ်ဦးသတ်ခံရတယ်ဆိုတာက ကောင်မလေးအော်သံကိုလည်းကြားလိုက်ရတယ်။ နောက်ပြီး ဒီစစ်ကြောင်းပြန်ဆင်းသွားချိန်မှာ ခေါ်လာတဲ့လင်မယားနှစ်ဦးလည်းပြန်ပါမလာဘူး။ ပစ်ခတ်သံလည်းကြားရတယ်။ ဒီမနက်မှာကျွန်တော်တို့ဘက်က အလောင်းလိုက်ရှာနေပါတယ်" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ယနေ့မေလ ၂၀ရက်တွင် မဇ္ဈိမကိုပြောသည်။ 

အမျိုးသမီးဖြစ်သူအား မသတ်ခင် စစ်ကောင်စတပ်ဖွဲ့ဘက်က အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
 
ကိုမြမင်းထက်နှင့် မသက်သက်ဦးဖမ်းဆီးခံရစဉ် မေလ ၁၀ရက်က  ကိုမောင်မင်း၊ ကိုကတုံးဆိုသူလည်း ပါဝင်ခဲ့ကြောင်း၊ ကိုကတုံးသည် ထွက်ပြေးရန် ကြိုစားစဉ် စစ်ကောင်စီက   ပစ်သတ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။ကိုမောင်မင်းသည် ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်ခံရမှုများနှင့်နောက်ဆက်တွဲအခြေအနေများကို အတိအကျသိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်များသည် ပဲခူးရိုးမအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား နှိမ်နင်းနိုင်ရန် နည်းမျိုးစုံဖြင့်ကြိုးပမ်းလျက်ရှိပြီး မသင်္ကာသူ အရပ်သားများကိုလည်းဖမ်းဆီးသတ်ဖြတ်မှုများရှိသည်ဟု ဒေသခံများကပြောသည်။လက်ရှိတွင် ပေါင်းတည်မြို့နယ်နှင့် ထိစပ်နေသော ပဲခူးရိုးမအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးအခြေအနေတင်းမာနေသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required