ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံး

By ပါခွီး(မဇ္စျိမ)
30 August 2023
ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံး
သိမ်းဆည်းရသော စစ်ကောင်စီတပ်မှ လက်နက်များ

ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA)ထံ မှ သိရသည်။

ထန်တလန်မြို့အတွင်းရှိ တပ်ကုန်းအပါအဝင် စစ်ကောင်စီတပ်များတပ်စွဲထားသည့် နေရာလေးခုကို ချင်း ပူးပေါင်းအဖွဲ့က ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ဘက်က ဒရုန်းနဲ့ ဗုံးအလုံး ၄၀၀ ကြဲခဲ့တယ်။ ဟားခါးဖက်က စစ်ကူလာတဲ့ စစ်ကားသုံးစီးကို RPG နဲ့ပစ်ပြီး အနီးကပ် ကျားတက်ထိုးပြီး ပစ်ခဲ့တာရှိတယ်။ သေဆုံးအရေအတွက်က လမ်းပေါ်မှာလဲကျ သေနေတာတွေကို ဒရုန်းနဲ့ကြည့်ပြီး ပြောတာဖြစ်တယ်။ 

ဟားခါးဆေးရုံနဲ့ တပ်ကုန်းမှာသေတာတွေရော ဆိုရင် ၃၀ ကျော်သေတယ်တော့ ပြောနိုင်တယ်။ ဘယ်လောက်ထပ်တိုးမယ်ဆိုတာတော့ မသိနိုင်သေး ဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့က တနေကုန်နီးပါးဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း မှ ဂျက်လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး ဟားခါးမြို့မှလည်း ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ကူခဲ့သဖြင့် ချင်းပူးပေါင်းတပ်ဖွဲ့မှ အကျအဆုံးများခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းတိုက်ပွဲ၌ ဩဂုတ်လ ၃၀ ရက် ယနေ့နံနက်ပိုင်းအထိ ချင်းပူးပေါင်းတပ်ဖွဲ့တွင်  CNA မှ ငါးဦးနှင့် CDF မှ ၁၀ ဦးကျဆုံးခဲ့ကာ ၂၀ ဦးဒဏ်ရာရရှိထားပြီး အများစုမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သေနတ်ငါးလက်၊ ကျည်ဆန်များနှင့် ဗုံးသီးအချို့ကို ပူးပေါင်း တပ်ဖွဲ့က သိမ်းဆည်းရရှိထားကြောင်း ဆိုသည်။
အဆိုပါတိုက်ပွဲများကို CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ဟားခါး၊ ထန်တလန်၊ ဇိုဖေးနှင့် ဟွားလ်းငိုး တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်းသိရသည်။

ထန်တလန်မြို့သည် စစ်ကောင်စီသတ်မှတ်ချက်အရအနက်ရောင်နယ်မြေဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော နေရာဖြစ်ကြောင်း  ဆလိုင်းထက်နီက ပြောသည်။

“ အဓိက သူတို့ဦးတည်တာကတော့ Victoria Base ပါပဲ။ CDF များမွေးထုတ်ရာနဲ့ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးရာအဖြစ် စစ်ကောင်စီကသတ်မှတ်ထားတယ်။ ထန်တလန်ကို သူတို့ရသွားရင် CNA ဌာန ချုပ်ကိုလည်း ခြိမ်းခြောက်နိုင်တဲ့ အနေအထားဖြစ်သွားနိုင်တယ်” ဟု CNA ပြောခွင့်ရက ဆက်လက်ပြော ဆိုသည်။

ထန်တလန်မြို့နှင့် ၁၈ မိုင်ခန့်ကွာဝေးသည့် ဟားခါးမြို့မှ ၁၂၀ မမ ၊ ၈၁ မမ များဖြင့် လှမ်း၍ ပစ်ခတ်နိုင်ပြီး ထန်တလန်၌ စစ်ကောင်စီမှစစ်ရေးတည်ဆောက်ထားနိုင်ပါက ချင်းတပ်ဖွဲ့များအနေဖြင့် အခက်ကြုံလာ နိုင်သောကြောင့် ယခုကဲ့သို့ တိုက်ပွဲများဖော်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှလည်း ထန်တလန်မြို့မီးလောင်မှုကိုအကြောင်းပြုပြီး ပြန်လည်တည်ဆောက်ရေး အတွက် ပြည်သူများနှင့် ဘာသာရေးခေါင်းဆောင်များကိုစည်းရုံးကာ မြို့ကိုသိမ်းပိုက်နိုင်ရေးလုပ်ဆောင်မှု များရှိကြောင်း ဆိုသည်။

အကယ်၍ ချင်းတပ်ဖွဲ့များ ထန်တလန်မြို့ကိုထိမ်းချုပ်ထားနိုင်ခဲ့ပါက စစ်ကောင်စီတပ်ဗျူဟာ ထိုင်ထား သည့် ဟားခါးမြို့အတွက် လုံခြုံမှုမရှိနိုင်တော့သဖြင့် စစ်ကောင်စီအတွက်လည်း စစ်ရေးအရ အချက်အချာ ကျသောနေရာဖြစ်နေကြောင်း သိရသည်။ 

ထန်တလန်မြို့ကို စစ်ကောင်စီတပ်က တပ်ရင်းငါးရင်းနှင့် ရဲများအပါအဝင် အင်အား ၃၀၀ ကျော်ခန့်ဖြင့် တပ်စွဲထားနိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း မြေပြင်အနေထားနှင့် ဖမ်းဆီးမိခဲ့သော သုံ့ပန်းများ၏ ထွက် ဆိုချက်အရ အင်အား ၁၅၀ ဝန်းကျင်ခန့်သာရှိကြောင်း ဆလိုင်းထက်နီက ပြောဆိုသည်။

ထန်တလန်မြို့အတွင်းမှတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ စတင်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ချင်းတပ်ဖွဲ့ များကတိုက်ခိုက်ခဲ့ပါကလည်း လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကိုသာ အားပြုနေကြောင်း သိရ သည်။

ဩဂုတ်လ ၃၀ ရက် ယနေ့နံနက်ပိုင်း နောက်ဆုံးသိရသောသတင်းများအရ ထန်တလန်မြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိကြောင်း၊ နှစ်ဖက်တပ်များ ယာယီရပ်နားနေကြောင်း သိရသည်။

အိမ်ခြေ ၂,၀၀၀ ခန့်နှင့် လူဦးရေ ၁၀,၀၀၀ ဝန်းကျင်နေထိုင်သည့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က နေအိမ်များအား မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံများမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly