ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်

By ပါခွီး (မဇ္စျိမ)
28 August 2023
ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်
ပုံအညွှန်း-ထန်တလန်မြို့အတွင်း ချင်းတပ်ဖွဲ့ဝင်တစ်ဦးတွေ့ရစဥ်။(ဓါတ်ပုံ-The Chin Journal)

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။

ထန်တလန်မြို့အခြေစိုက် ခလရ(၂၆၉)စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ယနေ့ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဆိုသည်။

“တိုက်ပွဲပြင်းထန်နေတယ်၊ ဆက်ဖြစ်နေတယ်၊ ကျနော်တို့ဖက်က ထိုးစစ်ဆင်နေတာ၊ အထိအခိုက် အကျ အဆုံး မသိရသေးဘူး၊ ပွဲကမပြီးသေးဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် မဇ္စျိမကိုပြောသည်။

ဩဂုတ်လ ဒုတိယအပတ်ကတိုက်ခိုက်ခဲ့သော စခန်းသိမ်းတိုက်ပွဲ မပြီးပြတ်သေးသဖြင့် ဆက်လက်တိုက် ခိုက်နေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ထန်တလန် ၊ ဟာခါးနှင့် ဇိုဖေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲမဖြစ်မီ ဩဂုတ်လ ၂၇ ရက်နေ့က စစ်ကောင်စီ၏ ဟားခါးမြို့အထိုင်တပ်စခန်းမှ ထန်တလန်မြို့သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ယနေ့တွင်လည်း ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို CNA နှင့် ပူး ပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး၊ နှစ်ဦး အရှင်ဖမ်းမိ ကာ RPG နှစ်လက်နှင့် MA အမျိုးအစားသေနတ်သုံးလက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ချင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း သုံးဦး ကျဆုံးခဲ့သည်။

အိမ်ခြေ ၂,၀၀၀ ခန့်နှင့် လူဦးရေ ၁၀,၀၀၀ ဝန်းကျင်နေထိုင်သည့် ထန်တလန်မြို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံများ နေရပ်စွန့်ခွာခဲ့ကြရသည်။ 

ယခုအခါ ထန်တလန်မြို့၌ ချင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့သာနေထိုင်ကြပြီး တိုက်ပွဲများဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required