ဂန့်ဂေါခရိုင် အမှတ်(၁၃)တပ်ရင်း တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

By ဂျူချန်း (မဇ္ဈိမ)
28 August 2023
ဂန့်ဂေါခရိုင် အမှတ်(၁၃)တပ်ရင်း တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
ပုံအညွှန်း-ဩဂုတ်လ ၂၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ။(ဓါတ်ပုံ-The Youth Force-Saw & Kyaukhtu)

မကွေးတိုင်း၊ ဆောမြို့နယ်တွင် ဩဂုတ်လ ၂၇ ရက် နံနက်ပိုင်းက ဂန့်ဂေါခရိုင်၊ အမှတ် (၁၃)တပ်ရင်း၊ The Youth Force-Saw & Kyaukhtu မှ ရဲဘော်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း အမှတ်(၁၃) တာဝန်ရှိသူထံမှ သိရသည်။

“အဓိကကတော့ တပ်ရင်းက အခက်အခဲတွေကို လာရှင်းပေးတာပါသလို စည်းကမ်းပြည့်ဝတဲ့ ပြည်သူ့ တပ်မတော်သားတွေဖြစ်ဖို့ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အဓိက သင်ကြားဆွေးနွေးခဲ့တာ ပါ။ ပွဲလာတက်တာတော့ ရာဂဏန်းလောက်ရှိပါမယ်။ ရဲဘော်တွေကတော့ အားလုံးတော့ မပါနိုင်ဘူးပေါ့ နော်။ ရှေ့တန်းတွေရောက်နေကြတော့ နောက်တန်းမှာကျန်နေတဲ့လူတွေပဲ လာတက်ရောက်ကြတာပါ” ဟု ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်းမှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း-ဩဂုတ်လ ၂၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ။(ဓါတ်ပုံ-The Youth Force-Saw & Kyaukhtu)

တွေ့ဆုံဆွေးနွေးပွဲသို့ ဂန့်ဂေါခရိုင် ၊အမှတ်(၁၃) တပ်ရင်းမှ ရဲဘော်များ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်သူအချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်တကြိမ်၊ ယခု ၂၀၂၃ ခုနှစ်အတွင်း သုံးကြိမ်ပြုလုပ်ခဲ့ ကြောင်း ဂန့်ဂေါခရိုင်၊ အမှတ်(၁၃) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

ပုံအညွှန်း-ဩဂုတ်လ ၂၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ။(ဓါတ်ပုံ-The Youth Force-Saw & Kyaukhtu)

ဂန့်ဂေါခရိုင်၊ အမှတ်(၁၃) တပ်ရင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် YDF (Saw & Kyaukhtu) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် လက်ရှိ The Youth Force-Saw & Kyaukhtu အမည်ဖြင့်လှုပ်ရှားခဲ့ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) မှ ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်းအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။

The Youth Force-Saw & Kyaukhtu၊ ဂန့်ဂေါခရိုင်၊ အမှတ်(၁၃) တပ်ရင်း ဖွဲ့စည်းပြီးနောက်ပိုင်း တိုက်ပွဲ ပေါင်း ၅၀ ထက်မနည်း ဖော်ဆောင်ခဲ့ပြီး ယခုနှစ်ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ခုနစ်ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဩဂုတ်လ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

ပုံအညွှန်း-ဩဂုတ်လ ၂၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ။(ဓါတ်ပုံ-The Youth Force-Saw & Kyaukhtu)

ဂန့်ဂေါခရိုင် ၊ အမှတ်(၁၃) တပ်ရင်းသည် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရေးအပြင် ဒေသတွင်းရှိ ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပညာပေးခြင်း၊ စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက် ခြင်း၊ ဒေသတွင်း ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရသည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required