ကြံခင်းမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ၂ ဦးကျဆုံးခဲ့ဟု စစ်တပ်လော်ဘီများသတင်းလွှင့်

By မင်းထက် (မဇ္စျိမ)
23 August 2023
ကြံခင်းမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ၂ ဦးကျဆုံးခဲ့ဟု စစ်တပ်လော်ဘီများသတင်းလွှင့်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF နှစ်ဦးကျဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ သတင်းလွှင့်နေသည်ကို တွေ့ရသည်။

ကြံခင်းမြို့နယ်၊ သရက်စမ်းကျေးရွာ အနောက်ဘက် သစ်တောကြိုးဝိုင်းအတွင်း စစ်ကောင်စီတပ်မှနယ်မြေရှင်းလင်းစဉ် PDF အင်အား ၂၀ ခန့်နှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ ယနေ့ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းကဖော်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့များက PDF စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ PDF တပ်ဖွဲ့ဝင် နှစ်ဦးကို အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံများနှင့် တကွဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

စစ်တပ်လော်ဘီ တယ်လီဂရန်ချယ်နယ်များ၌ ဖော်ပြထားသည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ ဟင်္သာတခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများအား ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် အဆိုပါအချက်အလက်များအား အတည်ပြုနိုင်ခြင်းမရှိသေးဟု မဇ္စျိမကိုပြောသည်။

ကြံခင်းနှင့်မြန်အောင်မြို့နယ်များရှိ တောင်ခြေကျေးရွာများတွင် နေထိုင်သည့် ဒေသခံများကမူ ပြီးခဲ့သည့် ဇူလိုင် လ ၁၉ ရက်နေ့မှစကာ တောအုပ်များအတွင်းမှ လက်နက် ကြီးသံများ ညအချိန်ကြားရကြောင်း၊ ထိတွေ့တိုက်ပွဲဖြစ်၊ မဖြစ် အတည်မပြုနိုင်ကြောင်း ပြောသည်။

"ရိုးမထဲမှာ တိုက်ပွဲဖြစ်လား မဖြစ်လားတော့ ဘယ်သူမှမသိရဘူး။ စစ်တပ်ကစစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ရမ်းသန်းပစ်နေတာတွေတော့ ရှိတယ်။ ဒေသခံတွေကို တောထဲအဝင်မခံတော့ ဘာမှမသိရဘူးဖြစ်နေတာပါ"ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ ဦးတည်ရာမဲ့ ပစ်ခတ်နေမှုများကြောင့် တောင်ခြေကျေးရွာများတွင်နေထိုင်သည့် ဒေသခံအချို့ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်ဟု ဒေသခံကဆက်လက်ပြောသည်။

လက်ရှိတွင် ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ခုံကြီးချောင်း၊ ကြို့ပင်စုကျေးရွာအုပ်စု ဖားတချဥ်းချောင်း၊ ပိုးစုကြီးကျေးရွာအုပ်စု ပန်းတော့ချောင်း၊ သစ်ဆိမ့်ကိုင်းအုပ်စု ကွန်ချောင်းဆည်တို့တွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသည်ဟု သိရသည်။

ယင်းပြင် မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စုရှိ မမြဆည်ရေလှောင်တမံ၊ မဲဇလီစမ်းကျေးရွာ၊ မြန်အောင်နှင့် အင်္ဂပူမြို့နယ်ကြားရှိ ဘန့်ဘွေးကုန်းနှင့် အင်္ဂပူမြို့နယ်အတွင်းရှိ ကညင်ဆည်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကြံခင်းမြို့နယ်အတွင်းရှိ PDF စခန်းတခုနှင့် လက်နက်ခဲယမ်းများအား စစ်ကောင်စီတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များ၌ ရေးသားဖော်ပြခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly