ပုလောအခြေစိုက်  ခလရ(၂၈၅)မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက် ၇၀ ကျော် အမျိုးသမီးကြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
21 August 2023
ပုလောအခြေစိုက်  ခလရ(၂၈၅)မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက် ၇၀ ကျော် အမျိုးသမီးကြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ခလရ (၂၈၅) က ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ် လက္ကူးကျေးရွာတွင် ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲ ကျောင်းလွတ်အချိန် အပြီး ၁၀ မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်သဖြင့် ထိခိုက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

 “ကလေးတွေကျောင်းကပြန်ပြီး လူရှင်းတဲ့အချိန်မှာပစ်တာပါ။ လက်နက်ကြီး နှစ်လုံးပစ်တယ်၊ ပထမ တလုံးက ဘာမှမဖြစ်ဘူး ဒုတိယတလုံးကျမှ နေအိမ်ပေါ်ကျပြီး လူတွေထိပြီး သေဆုံးဒဏ်ရာရတာ”ဟု လက္ကူးကျေးရွာမှ အမျိုးသားတဦးက ပြောသည်။

စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇၆ နှစ်ရှိ ဒေါ်သန်းကြည်၏ နေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လည်ပင်းအားထိမှန်ကာသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။

“ဒေါ်သန်းကြည်ကတော့ ဒဏ်ရာ ပြင်းထန်လို့ သေသွားတယ်။ ကျန်တဲ့အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦး ကတော့ လက်နက်ကြီးကျည် ပေါက်ကွဲလွင့်စင်မှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့တယ်” ဟု ပြောကြားသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်နေခြင်း ကြောင့် ဒေသခံများမှာ စိုးရိမ်ထိန့်လန့်နေပြီး အချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ ထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly