စစ်ကောင်စီ​သည် လက်ရှိစစ်ရေးတွင် ခံစစ်ဘက် ရောက်ရှိဟု KNLA သုံးသပ်

By YT (မဇ္ဈိမ)
12 August 2023
စစ်ကောင်စီ​သည် လက်ရှိစစ်ရေးတွင် ခံစစ်ဘက် ရောက်ရှိဟု KNLA သုံးသပ်
ပုံအညွှန်း- KNLA စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသော

စစ်ရေးအနေအထားအရ ကြည့်မည်ဆိုပါက စစ်ကောင်စီတပ်​၏ လက်ရှိစစ်ရေးအခြေအနေသည် ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ခံစစ်ကိုသာ ပြုလုပ်နေရကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောဆိုလိုက်သည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် "First 100 Days: KNU In New Era" သတင်းစာရှင်းလင်းပွဲ၌ စစ်ရေးအခြေအနေများ ရှင်းလင်းတင်ပြချက်တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

" စစ်ကောင်စီရဲ့ လက်ရှိအနေအထားက သေနင်္ဂဗျူဟာအရဆို ခံစစ်အနေအထားကို ရောက်နေပြီလို့ပြောလို့ရပါတယ်။ နည်းဗျူဟာအရရော၊  နည်းပရိယာယ်အရရော ထိုးစစ်ကိုမလုပ်နိုင်ဘဲနဲ့ အဲ့ဒီအစား လေယာဉ်နဲ့လက်နက်ကြီးကို အစားထိုးအသုံးပြုနေရပါတယ်။ အဲ့ဒီလိုပစ်ခတ်တာမှာလည်း ပြည်သူလူထုကို အဓိကပစ်မှတ်ထားတာ တွေ့ရပါတယ်" ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။ 

လက်ရှိအနေအထားအရ စစ်ကောင်စီသည် ထိုးစစ်မပြုလုပ်နိုင်သည့်အပြင် ၎င်းတို့​၏ ခြေကုတ်တပ်စခန်းများကိုသာ ကာကွယ်နေရကြောင်း၊ နယ်မြေရှင်းလင်းရေးကိုလည်း အင်အားအနည်းငယ်ဖြင့်သာ ပြုလုပ်နေရပြီး တပ်လဲလှယ်ရေးများလည်း မလုပ်နိုင်တော့ဘဲ တပ်တွင်းထောက်ပို့ရေးကိုပင် လေကြောင်းမှပြုလုပ်နေရကြောင်း သိရသည်။ 

" နောက်တစ်ခုက မြို့နဲ့မဝေးတဲ့နေရာမှာ လုံခြုံရေးအရ ခြိမ်းခြောက်ခံနေရတဲ့အတွက်ကြောင့် မြို့အဝင်လမ်းမှာ ဆိုင်ကယ်တို့ကားတို့ မသွားနိုင်အောင် လမ်းကို ဘက်ဟိုးနဲ့ ဖြတ်တောက်ထားတာ တွေ့ရပါတယ်" ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ဆက်လက်ပြောဆိုသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကို အများအပြား ပြုလုပ်လာပြီး ထိုသို့ပစ်ခတ်ရာတွင်လည်း အဓိကအားဖြင့် ပြည်သူကို ပစ်မှတ်ထားလေ့ရှိပြီး ထိုသို့ပစ်ခတ်ခံရမှုကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

သို့ဖြစ်ပါ၍ စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် စစ်သားများအား တိုင်းရင်းသားပြည်သူလူထုနှင့်အတူ ရပ်တည်၍ ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် KNLA က ဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့သည်။ 

သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ​၏ စစ်ရေးအခြေအနေအပြင် KNU၊ KNLA ​၏ နယ်မြေများသည် စစ်ရေးအရ အရေးပါသော နယ်မြေများဖြစ်ကြောင်းနှင့် ၎င်းတို့​၏ထိန်းချုပ်နိုင်ပုံများကိုလည်း ဗိုလ်မှူးချုပ် စောတာမလာသောက ဆက်လက်တင်ပြခဲ့သည်။ 

" လက်ရှိစစ်ရေးအခြေအနေကတော့ KNU ရဲ့ နယ်မြေဒေသမြောက်ဘက်မှာဆိုရင် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို စစ်ရေးဆင်နိုင်သလို တောင်ဘက်မှာဆိုလည်း ရေး၊ ထားဝယ်ကားလမ်းဘက်မှာလည်း စစ်ဆင်ရေးတွေ လုပ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ တပ်မဟာ ၁ သထုံ၊ ဘီးလင်း၊ ကျိူက်ထို ကားလမ်းမကြီးမှာလည်း စစ်ဆင်ရေးလုပ်နိုင်ပါတယ်။ KNLA က နယ်မြေ ပိုမိုထိန်းချုပ်လာနိုင်တယ်" ဟု ပြောသည်။  

ထို့အပြင် တော်လှန်ရေးအဆုံးသတ်ကောင်းရေးအတွက် တော်လှန်ရေးပြီးပါက လက်နက်ပြန့်ကြဲမှု၊ တပ်ဖွဲ့များ ပြန်ကြဲနေမှု အခြေအနေများအား ထိန်းချုပ်ရန်လိုအပ်ကြောင်း တင်ပြခဲ့သည်။ 

KNU အုပ်ချုပ်နယ်မြေများတွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀,၀၀၀ ကျော်ရှိပြီး ဒေသခံသေဆုံးထိခိုက်ဒဏ်ရာရမှုများအပြင် ဘာသာရေးအဆောက်အအုံ၊ နေအိမ် ပျက်စီးမှုများလည်း အများအပြားရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required