ပဲခူးတိုင်းရဲ့ စစ်ရေးအရှိန် နေပြည်တော်ကို ခြိမ်းခြောက်နိုင်မှာလား (ဆောင်းပါး)

By ရွှေနွယ်၊ YT (မဇ္ဈိမ)
10 August 2023
ပဲခူးတိုင်းရဲ့ စစ်ရေးအရှိန် နေပြည်တော်ကို ခြိမ်းခြောက်နိုင်မှာလား (ဆောင်းပါး)

အာဏာရှင်တော်လှန်ရေး အားကောင်းရာ ပဲခူးတိုင်းအတွင်း တဖြည်းဖြည်း မြင့်တက်လာနေသော စစ်ရေးအရှိန်သည်  အာဏာရှင် စစ်ဗိုလ်ချုပ်များ ခြေကုတ်ယူထားရာ နေပြည်တော်ကို ခြိမ်းခြောက်နိုင်မှာလားဆိုသည့် မေးခွန်းက စစ်ရေးအကဲခတ်များအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။

NUG ကာကွယ်ရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တစ်နိုင်လုံးအတိုင်း အတာဖြင့် စစ်ဗျူဟာများ ဖွင့်နိုင်ပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်သို့ ဦးတည်တိုက်ခိုက်မည့် “လမ်းအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးကိုလည်း စတင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက ကြေညာပြီးနောက် စစ်ရေးအကဲခတ်များအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် နေပြည်တော် ဝင်ပေါက်လမ်းများ၌ လက်နက်ကိုင် အစောင့်စစ်သားများ တိုးမြှင့်ထားပြီး ခံစစ်ကို တင်းတင်းကျပ်ကျပ် ချထားသည်ဟု မြေပြင်တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးလေ့လာသူများက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ တောင်ပိုင်းတိုင်း စစ်ဒေသခွဲအတွင်း ပါဝင်သည့် ပဲခူးတိုင်း စစ်ဒေသခွဲ၌ ၂၀၂၃ ခုနှစ်ဆန်းပိုင်းလောက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ERO၊ PDF ပူးပေါင်းတပ်ဖွဲ့ များကြား ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်အာဏာသိမ်းစ ကာလဖြစ်သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ပြောက်ကျားစစ်ကိုသာ အဓိကထား ဆင်နွှဲခဲ့ကြ သော်လည်း ယခု ၂၀၂၃ ခုနှစ်တွင်မူ တန်ပြန်ထိုးစစ်၊ တိုက်စစ် များကိုပါ ဆင်နွှဲလာနိုင်ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး အင်အားစုများက ပြောသည်။

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်ရာတွင် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော ပဲခူးတိုင်း၏ စစ်ရေးအရှိန်သည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။


မြေမျက်နှာသွင်ပြင် 

ပဲခူးတိုင်းသည် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။

ပဲခူးရိုးမသည် ပဲခူးတိုင်း၏ အလယ်တွင်တည်ရှိနေပြီး ရိုးမ၏အရှေ့ခြမ်းကို ပဲခူးတိုင်းအရှေ့ခြမ်း၊ ရိုးမ၏အနောက်ခြမ်းကို ပဲခူးတိုင်းအနောက်ခြမ်းဟု သတ်မှတ်ကြသည်။

ပဲခူးရိုးမ၏ အရှေ့ခြမ်းတွင် ရန်ကုန်−မန္တလေးအမြန်လမ်းနှင့် ရန်ကုန်−မန္တလေး လမ်းဟောင်း (အမှတ် -၁, ရန်ကုန်−မန္တလေးလမ်း) ၊ ပဲခူးရိုးမ၏အနောက်ခြမ်းတွင် ရန်ကုန်−ပြည်−မန္တလေးလမ်း(အမှတ် -၂, ရန်ကုန်−မန္တလေးလမ်း) တို့တည်ရှိနေပြီး အဆိုပါ လမ်းမများသည် မြန်မာနိုင်ငံအောက်ပိုင်းနှင့် မြန်မာနိုင်ငံအထက်ပိုင်းကို ဆက်သွယ်ထားသော အဓိကလမ်းမကြီးများ ဖြစ်သည်။

ထို့ပြင် ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိသည်။

ပဲခူးတိုင်းအတွင်းမှ တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့များသည် ပဲခူးရိုးမအတွင်း၌ အဓိက အခြေစိုက်ကြပြီး ပဲခူးတိုင်း၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် တိုက်ပွဲများ ဆင်နွှဲနေကြသည်။

ထို့ပြင် ပဲခူးတိုင်းတွင်း ပါဝင်နေသည့် ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်တို့သည် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေများအတွင်း ပါဝင်ပြီး တောင်ငူမြို့နယ် သံတောင်ဒေသ၊ ရေတာရှည်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့၏ နယ်မြေအစိတ်အပိုင်းအချို့သည် KNU တပ်မဟာ (၂) အုပ်ချုပ်နယ်မြေ၌ ပါဝင်သည်။

ပဲခူးတိုင်း၏ အရှေ့ခြမ်းတွင် စစ်တောင်းမြစ် ဖြတ်သန်းစီးဆင်းလျက်ရှိပြီး အဆိုပါမြစ်ကြောင်းသည် ပဲခူးတိုင်း၏ ဒေသအများစုအား ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့နှင့် ပိုင်းခြားထားသော မြစ်ကြောင်းလည်း ဖြစ်သည်။

လက်ရှိတွင် ပဲခူးတိုင်း စစ်ဒေသခွဲမှ တပ်ရင်းတပ်ဖွဲ့များသည် တောင်ပိုင်းတိုင်း စစ်ဒေသခွဲမှ တပ်ရင်း၊ တပ်ဖွဲ့များ၊ KNU တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်တောင်း မြစ်ဝှမ်းဒေသ စိုးမိုးရေးစစ်ဆင်ရေးများကိုလည်း ဆောင်ရွက်နေသည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသခွဲက ပြောသည်။

ပဲခူးတိုင်း၏ မြေမျက်နှာသွင်ပြင်အရ တည်ရှိနေမှုသည် စစ်ကောင်စီအတွက်လည်း စစ်ရေးအရ အရေးပါသော နယ်မြေဖြစ်ကြောင်း KNU ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောကလယ်စေးက မဇ္ဈိမကို ပြောသည်။

"အခု ပဲခူးတိုင်းဘက်က အခြေအနေကတော့ သူတို့အတွက် မြန်မာနိုင်ငံ အောက် ပိုင်း တစ်ခုလုံးမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှု၊ အာဏာ၊ အထူးသဖြင့် သူတို့စစ်ဆင်ရေး ပေါ့ဗျာ၊ အဲ့ဒီစစ်ဆင်ရေးတွေ လှုပ်ရှားနိုင်ဖို့အတွက်ဆို ပဲခူးက သူတို့အတွက် (စစ်ကောင်စီ) အရမ်းကို အရေးကြီးတယ်လို့ စစ်ရေးမဟာဗျူဟာအရ ကြည့် မယ်ဆို မြင်တွေ့နိုင်ပါတယ်" ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောသည်။

ထို့ပြင် ပဲခူးတိုင်းအရှေ့ခြမ်းသည် နေပြည်တော်နှင့် ရန်ကုန်တိုင်းကြားတွင် တည်ရှိနေသည့်အတွက် ပဲခူးဒေသအား တော်လှန်ရေးအင်အားစုများဘက်မှ စိုးမိုးနိုင်သည့် အနေအထားရှိလာပါက စစ်ရေးအရ ပိုမိုအရှိန်အဟုန်ကောင်း လာမည်ဟုလည်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ပဲခူးနဲ့ နေပြည်တော်ဆိုတာက ပြောရရင် လည်ပင်းနဲ့ ခေါင်းလိုပဲ၊ ဆိုလိုတာကတော့ ပဲခူးဒေသကို စိုးမိုးနိုင်မယ်ဆိုရင် ကျွန်တော်တို့က ဦးခေါင်းကို ရိုက်ခွဲနိုင်တဲ့ အခြေအနေဖြစ်တာပေါ့” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ပဲခူးတိုင်းအတွင်း ၂၈ မြို့နယ်ရှိသည့်အနက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ စစ်ကောင်စီတပ်နှင့် ERO၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲ မဖြစ်ပွားဖူးသည့် မြို့နယ်ဟူ၍ မရှိပေ။

ပဲခူးတိုင်းအရှေ့ခြမ်း ၁၄ မြို့နယ်အနက် ရေတာရှည်၊ တောင်ငူ၊ ဖြူး၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ညောင်လေးပင်နှင့် ရွှေကျင်မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ထို့ပြင် ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များဖြစ်သည့် ပေါင်းတည်၊ အုတ်ဖို၊ နတ်တလင်းနှင့် မင်းလှမြို့နယ်တို့တွင်လည်း မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသည်။


တပ်ရင်းတပ်ဖွဲ့များ 

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်းဟူ၍ စစ်တိုင်းသုံးခုရှိပြီး ပဲခူးတိုင်းစစ်ဒေသခွဲသည် တောင်ပိုင်းတိုင်း စစ်ဒေသအတွင်း ပါရှိသည်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနမှ ကြေညာခဲ့သည်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် တောင်ငူခရိုင်၌  PDF တပ်ရင်း (၃၅၀၁)၊ (၃၅၀၂) ၊ ပဲခူးခရိုင်တွင် PDF တပ်ရင်း (၃၇၀၁)၊ (၃၇၀၂)၊ ပြည်ခရိုင်တွင်  PDF တပ်ရင်း (၃၆၀၁)၊ (၃၆၀၂) နှင့် သာယာဝတီခရိုင်တွင် PDF တပ်ရင်း (၃၈၀၁)၊ (၃၈၀၂) ဟူ၍ တပ်ရင်း ရှစ်ရင်း ရှိသည်။

ထိုတပ်ရင်းများအပြင် NUG ထိန်းချုပ်မှုအောက်တွင် ရှိမနေသည့် ဒေသတွင်း သီးခြားရပ် တည်နေသည့် Local PDF တပ်ဖွဲ့များလည်း ရှိနေပြီး ပြည်သူ့ကာကွယ်ရေး တပ်ရင်းများနှင့် အတူ ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး( KNU )တပ်မဟာ (၂) နှင့် တပ်မဟာ (၃) နယ်မြေများသည် ပဲခူးတိုင်းအတွင်းပါရှိသည့်အတွက် KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်များဖြစ်သော KNLA၊ KNDO တပ်ရင်းတပ်ဖွဲ့များလည်း စစ်ရေး လှုပ်ရှားမှုများ ရှိသည်။

ပဲခူးတိုင်းအရှေ့ခြမ်းမှ PDF တပ်ရင်းတပ်ဖွဲ့များသည် KNU ၏ စစ်ရေးလမ်းပြမှုများ နှင့်အတူ စုပေါင်းဆောင်ရွက်နေကြသည်ဟု ပဲခူးတိုင်း တပ်ရင်းတာဝန်ခံများက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပဲခူးတိုင်းအရှေ့ခြမ်း တိုက်ပွဲများတွင် တောင်ပိုင်းတိုင်းစစ်ဒေသ အထူးကွန်မန်ဒို တပ်ရင်းနှင့် ပြည်ပမှ စစ်ရေးကျွမ်းကျင်သူများ၊ KNLA သင်တန်းနည်းပြများမှ သင်တန်းပေးထားသော Sniper တပ်ဖွဲ့ဝင်များနှင့် လက်ဖြောင့်တပ်သားများပါဝင်သည့် တော်ဝင်ဒေါင်းစစ်ကြောင်း (Royal Peacok Column) တို့၏  လှုပ်ရှားမှုများလည်း ရှိနေသည်။

စစ်ကောင်စီဘက်တွင်လည်း ပဲခူးတိုင်းအတွင်း၌ အင်းမမြို့နယ်တွင် ခြေမြန်တပ်မဌာနချုပ် တပ်မ (၆၆) နှင့် ပဲခူးမြို့တွင် ခြေမြန်တပ်မဌာနချုပ် တပ်မ (၇၇) တို့ အခြေစိုက်လျက်ရှိသည်။

သို့သော် တပ်မ (၆၆) ၏ စစ်အင်အား အများစုသည် ကရင်နီရှေ့တန်း စစ်မြေပြင်သို့ ရောက်ရှိနေပြီး တပ်မ (၇၇) သည်လည်း မကွေးတိုင်း ရှေ့တန်း တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြသည်ကို တွေ့ရသည်။

နေပြည်တော်ကို ဘယ်လောက်ထိ ခြိမ်းခြောက်နိုင်မလဲ

စစ်ကောင်စီ၏အဓိကအခြေစိုက်ရာ နေပြည်တော်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ မြောက်ဘက်တွင် မန္တလေးတိုင်း၊ အနောက်ဘက်တွင် မကွေးတိုင်း၊ တောင်ဘက်တွင် ပဲခူးတိုင်းနှင့် အရှေ့တောင်ဘက်တွင် ကရင်နီပြည်တို့ ဝန်းရံလျက် ရှိသည်။

ကရင်နီပြည်နယ်၊ ရှမ်း−ကရင်နီ နယ်စပ်ဒေသနှင့် ပဲခူးတိုင်းတို့သည် လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်နေသော နယ်မြေများအနက် အပါအဝင် ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပဲခူးတိုင်းအရှေ့ခြမ်း၌ ဖြစ်ပွားခဲ့သော စစ်ကောင်စီ တပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲများ၊  နေပြည်တော်နှင့် ကပ်လျက်တည်ရှိသော ရေတာရှည်မြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ဘက်က အကျအဆုံးများစွာရှိကြောင်း KNU နှင့် NUG ကာကွယ်ရေးဌာန MOD တို့ကလည်း ထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ အရေးပါသော ထောက်ပို့လမ်းကြောင်းအတွက် အသုံးပြုနေသည့် နတ်သံကွင်းတံတားကိုလည်း ERO၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ  ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

"ပဲခူးတိုင်းအတွင်းက စစ်ဆင်ရေးတွေမှာ စစ်ကောင်စီရဲ့အားသာချက်ဆိုတာ သူတို့လုပ်နေကျအတိုင်းပဲ ဝေဟင်လေယာဉ်ပစ်ကူပေါ့ဗျာ၊ ကျွန်တော်တို့ PDF၊ ERO တွေဘက်က အားသာချက်ကတော့ လူထုက ကျွန်တော်တို့နဲ့အတူ တစ်သားတည်း ရှိနေတာပဲ၊ ပြည်သူလူထုက ကျွန်တော်တို့နဲ့ အတူ ကူညီပြီးတော့ ဒီတော်လှန်ရေးမှာ ပါဝင်နေတာကတော့ ကျွန်တော်တို့ရဲ့ အားသာချက်ဖြစ်တယ်” ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၏ပြန်ကြားရေးတာဝန်ရှိသူ ကိုဝေယံက မဇ္ဈိမကို ပြောသည်။

ရလဒ်ကောင်းသော စစ်ဆင်ရေး တိုက်ပွဲများ ဆောင်ရွက်နိုင်ရန် ပြည်သူလူထု၏ ပူပေါင်းပါဝင်မှုက ဗျူဟာမြောက် အရေးကြီးကြောင်း ပဲခူးတိုင်းအရှေ့ခြမ်းရှိ PDF တပ်ရင်းတစ်ခု၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“အားလုံးက ပြည်သူတွေရဲ့အားက အဓိကပါပဲ" ဟု ၎င်းက ပြောသည်။

ထိုသို့ လူထုအားဖြင့်ရော နယ်မြေကျွမ်းကျင်မှုများကြောင့် တိုက်ပွဲများတွင် အသာစီး ယူထားနိုင်သော ပဲခူးတိုင်း၏ စစ်ရေးအရှိန်သည် နယ်မြေချင်း ထိစပ်လျက်ရှိသော စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို အဓိက ခြိမ်းခြောက်ထားနေကြောင်းလည်း ကိုဝေယံက ဆက်ပြောသည်။

“နာရီပိုင်းအတွင်း နေပြည်တော်ကို ဝင်ထွက်သွားလာနိုင်တဲ့ အခြေအနေမှာရှိတယ်၊ ပြောရရင်တော့ ကျွန်တော်တို့ ပဲခူးတိုင်းရဲ့ စစ်ရေးအရှိန်ဟာ နေပြည်တော်ကို ခြိမ်းခြောက်တဲ့နေရာမှာ အဓိကကျတဲ့ အားတွေထဲက တစ်ချက်ဖြစ်ပါလိမ့်မယ်” ဟု ကိုဝေယံက ပြောသည်။

စစ်ကောင်စီတွင် တပ်မ ၁၁ ခု ရှိသော်လည်း လက်ရှိအချိန်တွင် တပ်မအလိုက် စစ်ရေးလှုပ်ရှားနိုင်စွမ်းများ မရှိတော့ဟု နိုင်ငံရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရန်ကုန်−မန္တလေးအမြန်လမ်း၏ ရန်ကုန်နှင့် နေပြည်တော်အကြားတွင် စစ်ကောင်စီတပ် စစ်ထောက်ချုပ် လိုက်ပါလာသည့် ယာဉ်တန်းသည် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

ယင်းနောက်ပိုင်းမှ စတင်ကာ ရန်ကုန်−မန္တလေးအမြန်လမ်း တစ်လျှောက်၊ အမြန်လမ်း အဝင်၊ အထွက်များနှင့် နေပြည်တော်သို့ ဝင်ရောက်ရာ နေရာများတွင် စစ်ကောင်စီက လုံခြုံရေး ထပ်မံတိုးမြှင့် ချထားလိုက်ကြောင်း သိရသည်။

ပဲခူးတိုင်း၏ စစ်ရေးအရှိန်သည် ၂၀၂၃ ခုနှစ်၏ ပထမ ခုနစ်လတာ ကာလအတွင်း သိသိသာသာ အရှိန်အဟုန်မြင့်တက်လာခဲ့ပြီး ဆက်လက်ပြီးလည်း မြင့်တက်လာ ဖွယ် ရှိနေသည်။

များမကြာမီ ကာလအတွင်း ပဲခူးတိုင်း၏ စစ်ရေးအရှိန်သည် စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ကို ခြိမ်းခြောက်နိုင်မည့် အင်အားတစ်ခု ဖြစ်လာလိမ့် မည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် စစ်ရေးလေ့လာသုံးသပ် သူများက တညီတညွတ်တည်း မှတ်ချက်ပြုကြသည်။

“တခြားအင်အားစုတွေ ရှေ့တစ်ဆင့်တိုးနိုင်ဖို့အတွက် ပဲခူးဒေသရဲ့ လှုပ်ရှားမှု ကလည်း အရေးကြီးပါတယ်၊ နေရာတိုင်းကတော့ အဆုံးသတ်ပေးနိုင်မယ့် တိုက်ပွဲတွေ ဖြစ်လာမယ်တော့ မဟုတ်ဘူးပေါ့ဗျာ၊ ဒါပေမယ့် အားလုံးညီညီ ညွတ်ညွတ် ဝိုင်းဝန်းလုပ်ဆောင်မှသာ ဒီမဟာဗျူဟာရည်မှန်းချက်တွေ အောင်မြင်မယ်လို့ ဆိုလိုတဲ့ သဘော ဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က မဇ္ဈိမကို ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။      ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly