နိုင်ငံအနှံ့ မိုးများနိုင် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် ရေဘေးနှင့် မြေပြိုခြင်းကို ပြင်ဆင်ထားရန် NUG သတိပေး

By ဂျူချန်း (မဇ္ဈိမ)
08 August 2023
နိုင်ငံအနှံ့ မိုးများနိုင် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် ရေဘေးနှင့် မြေပြိုခြင်းကို ပြင်ဆင်ထားရန် NUG သတိပေး
ပုံစာ - ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းကို ဩဂုတ်လ ၇ ရက်နေ့တွင် မြင်တွေ့ရစဉ်

ဩဂုတ်လ ဒုတိယအပတ်အတွင်း ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နှင့် မနက်ဖြန် ဩဂုတ် ၉ ရက်နေ့တို့တွင် နိုင်ငံအနှံ့မိုးကြီးနိုင်ပြီး ထိုနှစ်ရက်အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် ရေဘေးနှင့် မြေပြိုခြင်းအန္တရာယ်ကို အထူးသတိထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန( MOHADM)မှ သတိပေးထားသည်။

ဩဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း တို့တွင် မိုးရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် ရေဘေးနှင့် မြေပြိုခြင်းအန္တရာယ်ကို အထူးအလေးထားပြင်ဆင်ထားကြရန် NUG- MOHADM မှ ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လေးမြို့မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် သုံးပေခွဲသို့ ရောက်ရှိနေကြောင်းနှင့် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ရွှေကျင်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်ရက်အတွင်း ထိုမြစ်နှစ်ခုသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ​ယနေ့ ဩဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ထိုကြောင့် မြောက်ဦးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံများအနေဖြင့် ရေကြီးခြင်းဘေးန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန် မိုးဇလမှ သိပေးထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ယမန်နေ့ည တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ယနေ့ နံနက် ၁၁နာရီခွဲအချိန်တွင်မူ မိုးသည်းထန်ခြင်း မရှိသော်လည်း အနည်းငယ် ဆက်လက်ရွာသွန်းနေပြီး မိုးအုံ့ဆိုင်းနေဆဲဖြစ်ရာ အနိမ့်ပိုင်းနေရာများတွင် ရေတက်လာပါက ပြောင်းရွှေ့ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း တိမ်ညိုစစ်ရှောင်စခန်း ပြန်ကြားရေးတာဝန်ခံ ဦးစိုးနိုင်က မဇ္ဈိမကို ပြောသည်။

“ရေကတော့ တဖြည်းဖြည်း တိုးတိုးတော့ လာတယ်။ ဒါပေမယ့် အန္တရာယ်ဖြစ်လောက်အောင်တော့ မဖြစ်သေးဘူးပေါ့။ အဲ့ဒါကြောင့် စောင့်ကြည့်နေတဲ့ အနေအထားပေါ့။ ဒီ့ထက်တိုးလာရင်တော့ ပြောင်းရွှေ့ရမယ့် အစီအစဉ်တော့ ရှိပါတယ်ခင်ဗျ။ ညကတော့ တော်တော်ကြီးတယ်။ ည တစ်ညလုံးလိုလို မိုးရွာနေတယ်။ အခုမိုးမကြီးဘူးပေါ့။ မိုးဖွဲဖွဲရွာနေတယ် မိုးတိမ်ကတော့ အုံ့နေတယ်” ဟု တိမ်ညိုစစ်ရှောင်စခန်း ပြန်ကြားရေးတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မိုးအနည်းငယ် ပြန်လည်လျော့ကျလာနိုင်ကြောင်း NUG- MOHADM မှ ခန့်မှန်းထားသည်။ သို့သော် ဩဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၌ မိုးထပ်မံ သည်းထန်လာနိုင်ကြောင်း ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား မိုးရွာသွန်းနေပြီး ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မောင်တောမြို့နယ်များတွင် ရေကြီးရေလျှံ ဖြစ်ပွားနေရာ ဩဂုတ်လ ၇ ရက်နေ့တွင် မင်းပြားမြို့ ပြင်ယောင်းရွာတွင် ငါးနှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ရေနစ်သေဆုံးခြင်း ဖြစ်ပွားခဲ့ကြောင်း  ဒေသတွင်းသတင်းဌာနများမှ ဖော်ပြထားကြသည်။

အလားတူ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့နှင့် မြဝတီမြို့၊ မွန်ပြည်နယ် ကျိုက်မရောမြို့နှင့် ဘီးလင်းမြို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံ ဖြစ်ပွားနေကြောင်း သိရသည်။ 

ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ကျရေတိုက်စားမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် တောနော်ရေတံခွန်အနီးတွင် မြေပြိုကျကာ ကုန်သွယ်မှုပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required