စစ်ကောင်စီတပ်က ညောင်ပင်သာရွာအတွင်း တပ်စွဲနေ၍ ဒေသခံ ၁,၅၀၀ ကျော် စစ်ရှောင်နေရ

By လွှမ်းမိုး (မဇ္ဈိမ)
27 July 2023
စစ်ကောင်စီတပ်က ညောင်ပင်သာရွာအတွင်း တပ်စွဲနေ၍ ဒေသခံ ၁,၅၀၀ ကျော် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ တပ်စွဲနေခြင်းကြောင်း ဒေသခံ ၁,၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကာယကံရှင်များက ပြောသည်။

“ ရွာကိုတပ်စွဲနေတာ ဒီနေ့ရောဆို နှစ်ရက်ရှိပြီ ဖြစ်ပါတယ်။ ကျမတို့ဘက်က ဟင်းချက်စရာ ဟင်းသီး၊ ဟင်းရွက်ပေါပေမယ့် ဆန်နဲ့ ဆီတော့ မလုံလောက်ဘူးဖြစ်နေတာပေါ့။ တချို့က ဖြစ်သလိုလေး ချက်စားကြရတယ်။ တချို့ကိုတော့ နီးစပ်ရာကျေးရွာတွေက အဖွဲ့အစည်းတွေက ချက်ပြုတ်ကျွေးနေတာဖြစ်တယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် စစ်ရှောင်တစ်ဦးက ဆိုသည်။

ညောင်ပင်သာကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲနေခြင်းကြောင့် ညောင်ပင်သာကျေးရွာအပါအဝင် လင်းပိုး၊ လင်းပင်ဝ၊ ထန်းလေးပင်၊ ဆူးလေကုန်း စသည့် ကျေးရွာများမှ ဒေသခံ ၁,၅၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် စစ်အင်အား ၆၀ ခန့်ဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) မှထွက်ခွာလာပြီး ရွာစဉ်လှည့်လည် စစ်ကြောင်းထိုးနေကာ ယခုအခါ ညောင်ပင်သာ ကျေးရွာတွင် စခန်းချတပ်စွဲနေခြင်းဟု သိရသည်။

စစ်ကောင်စီတပ်သည် ညောင်ပင်သာကျေးရွာအတွင်း တပ်စွဲနေထိုင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း ဇွန်လ ၁၂ ရက်နေ့က ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး နေအိမ် လေးလုံးကို မီးရှို့ခဲ့ဖူးသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ နတ်လူထိပ္ပါန်ကျေးရွာအုပ်စု၌ တည်ရှိသည့် ညောင်ပင်သာကျေးရွာသည် အိမ်ခြေ ၇၀ ခန့်သာရှိသော ကျေးရွာဖြစ်ပြီး အသေးစိတ်အခြေအနေများကို မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly