မြန်မာစစ်ကောင်စီထံ တရုတ်လက်နက်ရောင်းချကြောင်း ကုလအစီရင်ခံစာကို အမေရိကန် ထောက်ခံ

မြန်မာစစ်ကောင်စီထံ တရုတ်လက်နက်ရောင်းချကြောင်း ကုလအစီရင်ခံစာကို အမေရိကန် ထောက်ခံ

မြန်မာနိုင်ငံမှာ စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အင်အားစုတွေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက် နှိမ်နင်းဖို့ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံက စစ်လက်နက်နဲ့ စစ်ပစ္စည်းတွေ ဒေါ်လာသန်းနဲ့ချီ ဝယ်ယူခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာကို အခိုင်အမာ ထောက်ခံတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ 
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိနှိပ်ရာမှာ အသုံးပြုခဲ့တဲ့ စစ်လက် နက်တွေကို တရုတ်နိုင်ငံက မြန်မာစစ်တပ်ထံ တင်ပို့ခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်တွေကို တရုတ်နိုင်ငံက ပယ်ချခဲ့ပေမယ့် ဒီအစီရင်ခံစာကို အမေရိကန်နိုင်ငံက ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်ပြသူဟာ သူရဲ့ လုပ်ပိုင်ခွင့်အာဏာကိုကျော် လွန်ခဲ့တယ် လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇူလိုင် ၁၈ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။

အထူးအစီရင်ခံစာတင်ပြသူအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုမကျော် လွန်ဖို့ ကျွန်မတို့ သူ့ကို ပြောထားပါတယ် လို့ မော်နင်က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ဖိုး စစ်လက်နက်နဲ့ ဆက်စပ် ကုန်ကြမ်းပစ္စည်းတွေကို ရုရှားနဲ့ တရုတ် အပါအဝင် နိုင်ငံတချို့ ဆီကနေ တင်သွင်းခဲ့တယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။

ဒေါ်လာဘီလီယံချီတန် သေမန်းတမန် လက်နက်ကုန်သွယ်မှု၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို အားပေးနေတဲ့ နိုင်ငံတကာ လက်နက်ကွန်ရက် လို့ အမည်ပေးထားတဲ့ မေလအတွင်းကထုတ်ပြန်ခဲ့တဲ့ အဆိုပါ အစီရင်ခံစာအရ ရုရှားက အမေရိကန်ဒေါ်လာ ၄၀၆ သန်းနဲ့ အများဆုံး ရောင်းချထားပြီး တရုတ်က ၂၆၇ သန်းနဲ့ ဒုတိယအများဆုံး ရောင်းချခဲ့ကာ စင်္ကာပူက ၂၅၄ သန်း၊ အိန္ဒိယက ၅၁ သန်းနဲ့ ထိုင်းက ၂၈ သန်း ရောင်းချထားကြောင်း ဖော်ပြထားပါတယ်။

Tom Andrews ကတော့ တရုတ်နိုင်ငံက တင်ပို့ခဲ့တဲ့ လက်နက်တွေထဲမှာ အဆင့်မြင့် သံချပ်ကာကားနဲ့ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေအပြင် စစ်လက်နက် ထုတ်လုပ်ရေးသုံး အလူမီနီယံ၊ ကြေး၊ ရာဘာ စတဲ့ ဆက်စပ်ပစ္စည်းတွေလည်း ပါဝင်တဲ့အကြောင်းပြောဆိုထားပါတယ်။

အမေရိကန်အစိုးရကတော့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ပိတ်တာ၊ တဦးချင်း အရေးယူတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ကပဲ စစ်တပ် ထိန်းချုပ်ထားတဲ့ ပြည်တွင်းက MFTB နဲ့ MICB တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူခဲ့တာဖြစ်ပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required