အာဆီယံက မည်သည့်နိုင်ငံ၏မှ ‘ကြိုးဆွဲရာ အဖြစ်မခံ’ ဟု အင်ဒိုနီးရှား သမ္မတ သတိပေး

အာဆီယံက မည်သည့်နိုင်ငံ၏မှ ‘ကြိုးဆွဲရာ အဖြစ်မခံ’ ဟု အင်ဒိုနီးရှား သမ္မတ သတိပေး
Photo-AFP

အာရှ-ပစိဖိတ်ဒေသက အရေးကိစ္စများနှင့် ပတ်သက်ကာ အမေရိကန်-တရုတ် တင်းမာလျက် ရှိချိန်၌ အာဆီယံသည် အခြားသော နိုင်ငံများ၏ ကြိုးဆွဲရာ ဖြစ်မလာနိုင်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက သောကြာနေ့တွင် ပြောသည်။

တရုတ်က အားလုံးနီးပါး ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော အငြင်းပွား တောင်တရုတ်ပင်လယ်အရေးမှသည် မြန်မာနိုင်ငံက ပဋိပက္ခအရေးအထိ ဒေသတွင်း အရေးကိစ္စများနှင့် ပတ်သက်ကာ ဆွေးနွေးပွဲများအတွက် ဂျကာတာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများ စုဝေးကြသည်။ မြန်မာအာဏာသိမ်း စစ်ကောင်စီ၏ အဓိက မိတ်ဖက်မှာ တရုတ်နိုင်ငံပဲ ဖြစ်သည်။

ရေပိုင်နက်နှင့် ပတ်သက်ပြီး အချို့သော အာဆီယံအဖွဲ့ဝင်များက တရုတ်ကို ဆန့်ကျင်ကြပြီး တရုတ်၏ ကြီးထွားလာသော ငါတကောကောမှုကို အမေရိကန်၏ ဆန့်ကျင်မှုအတွက် ထောက်ခံကြကာ အခြားသော အဖွဲ့ဝင်များက တရုတ်ကို ထောက်ခံကြ၍ သဘောမတူမျှမှုများ ရှိခဲ့သည်။

“အာဆီယံဟာ ပြိုင်ဖက် ဖြစ်မလာနိုင်ဘူး၊ အခြားနိုင်ငံရဲ့ ကြိုးဆွဲရာ မဖြစ်နိုင်ဘူး၊ နိုင်ငံတကာဥပဒေကို အပြောင်းအလဲမရှိ လေးစားလိုက်နာရမှာ ဖြစ်တယ်”ဟု ဝန်ကြီးများအား ဝီဒိုဒိုက ပြောသည်။

“ကျွန်တော်တို့ အာဆီယံဟာ စည်းလုံးညီညွတ်မှု ခိုင်မာရေးအတွက် လုပ်ဆောင်နေသလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းကျောင်းရာလည်း ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ကမ္ဘာ့စီးပွားရေးအကြီးဆုံး အမေရိကန်နှင့် တရုတ်ကြားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ပတ်လည်၌ တရုတ်က စစ်ရေးလေ့ကျင့်ခြင်းနှင့် ခေတ်မီ semicondutors များကို အမေရိကန်က တင်ပို့မှု ကန့်သတ်ခြင်းအပါအဝင် အရေးကိစ္စ တော်တော်များများအတွက် မကြာသေးသောနှစ်များအတွင်း တင်းမာမှုများ မြင့်တက်နေခဲ့သည်။

ဂျကာတာ အစည်းအဝေးများတွင် တရုတ်ရော အမေရိကန်ပါ ပါဝင်၍ ကြာသပတေးနေ့၌ ထိပ်တန်းသံတမန်များ တွေ့ဆုံခဲ့ကြသည်။

အခြေတည်စ တည်ငြိမ်သော ဆက်ဆံရေးကို ထပ်မံခြိမ်းခြောက်လာသော တရုတ်အပေါ် စွပ်စွဲထားသည့် ဆိုင်ဘာလုံခြုံရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ ကြုံရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က သတိပေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

ဝမ်ယီကလည်း ဘလင့်ကင်အား အမေရိကန်အနေဖြင့် တရုတ်၏ အရေးကိစ္စကို ဝင်ရောက်မစွက်ဖက်သင့်ကြောင်းနှင့် ဆက်ဆံရေး ကောင်းမွန်ရန် တရုတ်နှင့် လက်တွဲဆောင်ရွက်သင့်ကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly