ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနို့ကူးစစ်ရှောင်စခန်းဗုံးကြဲခံရပြီး သေဆုံးသူရှိ 

By ဂျူချန်း (မဇ္ဈိမ)
13 July 2023
ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနို့ကူးစစ်ရှောင်စခန်းဗုံးကြဲခံရပြီး သေဆုံးသူရှိ 
ဓါတ်ပုံ- CTER-Karenni

ထိုင်း-မြန်မာနယ်စပ်အနီး မယ်စဲ့မြို့နယ်ရှိ ဒေါနို့ကူးစစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အသက် ၃၀ နှစ်အရွယ် စစ်ရှောင်တစ်ဦးသေဆုံးခဲ့ကာ စစ်ရှောင်စာသင်ကျောင်းပါပျက်စီးခဲ့ရကြောင်း စစ်ရှောင်အရေးကူညီပေးနေသူအချို့ထံမှ သိရသည်။

ဒေါနူးခူ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီမှ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်စောစော ၁ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဗုံးခြောက်ကြိမ်လာကြဲခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲမှုကြောင့် အခြားစစ်ရှောင် ငါးဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည့်အပြင် ပျက်စီးခဲ့ရသည့် ဆယ်သဲစစ်ရှောင်စာသင်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၂၀၀ ခန့် ပညာသင်ကြားနေကြောင်း ဆိုသည်။

 “ စာသင်ကျောင်းက တစ်ကျောင်းလုံးပျက်စီးသွားတယ်။ ပထမနှစ်၊ ဒုတိယနှစ် ထားထားတယ်၊ ကျောင်းသား ၂၀၀ ကျော်လောက်ရှိမယ်” ဟု စစ်ရှောင်အရေးကူညီပေးနေသည့် သတင်းရင်းမြစ်က ပြောသည်။

ဆယ်သဲစာသင်ကျောင်းတွင် တက္ကသိုလ်ဆက်မတက်ဖြစ်သည့် ကျောင်းသူ၊ ကျောင်းသားများအား အင်္ဂလိပ်စာ၊ ကရင်နီဘာသာ၊ လူမှုရေးသိပ္ပံ၊ စီမံခန့်ခွဲမှုဘာသာရပ်နှင့် ကွန်ပြူတာဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ စတင်တည်ထောင်ခဲ့ပြီး ကရင်နီပြည်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် မယ်စဲ့ဘက်သို့ ပြောင်းရွှေ့ခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဟုဆိုသည်။

ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကောက်ယူထားသည့်စာရင်းများအရ စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းဘက်သို့စစ်ရှောင်သူ ၃,၅၉၁ ဦးရှိရာ ထိုင်းအာဏာပိုင်များမှ ယာယီခိုလှုံခွင့်ပြုထားကြောင်း ကရင်နီဒုက္ခသည်ကော်မတီမှ သိရသည်။ 

စစ်ဘေးရှောင်သူများအနက် အသက် ခုနစ်လအောက် ကလေးငယ် ၁၀ ဦးပါဝင်ပြီး ငါးနှစ်အောက်ကလေးငယ် ၂၅၇ ဦး၊ ကိုယ်ဝန်ဆောင် ၂၀ ဦးနှင့် သက်ကြီးရွယ်အို ၁၆၈ ဦး ပါဝင်ကြောင်း သိရသည်။

“ ဒီရက် (ဇူလိုင် ၁၂ ရက်) မှာပဲ သွေးတိုးတာလား၊ စိတ်ထိခိုက်လို့လားမသိဘူး၊ တစ်ယောက်ထပ်ဆုံးသွားသေးတယ်၊ ထွက်ပြေးလာရင်းနဲ့ပေါ့။ တချို့ကတော့ ပြေးတုန်းပဲ ရှိသေးတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ကာလမှာပဲ ရှိပါသေးတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေး ဆက်စပ်ဆောင်ရွက်မှုအဖွဲ့ (CTER-Karenni) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းအာဏာပိုင်များဘက်မှ စစ်ရှောင်များကို ရေရှည်ပေးနေရန်မရှိသော်လည်း လတ်တလောတွင် တဲများထိုးကာ ရပ်ကွက်အလိုက်ပေးနေထားကြောင်းဆိုသည်။ သို့သော် စစ်ရှောင်များအသုံးပြုရန်အတွက် ရေအိမ်၊ သုံးရန်ရေကဲ့သို့ အခြေခံလိုအပ်ချက်များရရှိရန် ကျန်ရှိနေသေးကြောင်းသိရသည်။

လက်ရှိ စစ်ဘေးရှောင်များ စားသောက်ရန်အတွက် စခန်းကော်မတီနှင့် ရပ်ကွက်ကော်မတီမှ ပူးပေါင်းကာ စေတနာ့ဝန်ထမ်းများဖြင့် ချက်ပြုတ်ကျွေးမွေးထားသော်လည်း စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ လိုအပ်နေဆဲဟုလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required