မယ်စဲ့တွင် ဖမ်းမိသည့် တပ်မိသားစုဝင်များကို DMO PDF ပြန်လွှတ်ပေး

By ဂျူချန်း (မဇ္ဈိမ)
19 September 2023
မယ်စဲ့တွင် ဖမ်းမိသည့် တပ်မိသားစုဝင်များကို DMO PDF ပြန်လွှတ်ပေး
ပုံစာ-ဒုတပ်ကြပ်ဇနီး၊ တပ်ကြပ်ကြီးမိသားစု၊ စစ်ကောင်စီတပ်သား ဇနီးနှင့်သား (ဓါတ်ပုံ-ဒီးမော့ဆို PDF)

ထိုင်း- ကရင်နီ နယ်စပ်တွင် ဖြစ်ပွါးသည့် မယ်စဲ့တိုက်ပွဲကြောင့် ထွက်ပြေးလာစဉ် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များကို ပြန်လွှတ်ပေးလိုက်ပြီဟု ဒီးမော့ဆို PDF တာဝန်ရှိသူက မဇ္စျိမကို အတည်ပြုသည်။

မယ်စဲ့မြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ်၊ ဒုတပ်ကြပ်နှင့် စစ်ကောင်စီတပ်သား မိသားစုဝင်များကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သုံးလအကြာထိန်းသိမ်းခဲ့ပြီးနောက် ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့တွင် မယ်စဲ့မြို့နယ် ရဲစခန်းအား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြောင့် ရဲနှင့် စစ်သား မိသားစုဝင်များအပါအဝင် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထွက်ပြေးတိမ်းရှောင်ကြသည့် အထဲတွင် မယ်စဲ့ရဲစခန်းမှ တပ်ကြပ်ကြီး၏ ဇနီး၊ နှစ်နှစ်အရွယ်ကလေးငယ်၊ သားတဦးနှင့် သမီးသုံးဦး၊ ဒုတပ်ကြပ် ဇနီးတဦး၊ စစ်ကောင်စီတပ်သား ဇနီးနှင့် သား စုစုပေါင်း ကိုးဦးကို ဇွန်လ ၁၆ ရက်နေ့တွင်  ဒီးမော့ဆိုPDF က ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

“တပ်ကြပ်ကြီးရဲ့ မိသားစုက ခြောက်ယောက်၊ သူ့ရဲ့ အငယ်ဆုံးကလေးက နှစ်နှစ်ပဲ ရှိသေးတယ်၊ နောက် ရိုးရိုးရဲဘော်တပ်သားရဲ့ အမျိုးသမီးနဲ့ နှစ်နှစ်သားလေးပါတယ်၊ အဲ့ဒီ တပ်သားကတော့ မယ့်တနွယ်တိုက်ပွဲမှာ ကျသွားတယ်ကြားတယ်၊ သေချာတော့ အတည်မပြုနိုင်ဘူးဗျ၊ ခု သူတို့ အမျိုးသားတွေအကုန်လုံးကတော့ တိုက်ပွဲမှာ ကျကုန်ပြီ” ဟု ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။ 

ထိုရဲနှင့် စစ်သား မိသားစုဝင်များအား ဇွန်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ လုံခြုံသည့် စခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ရိုက်နှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်း လုံးဝမရှိကြောင်း ဒီးမော့ဆို PDF က ပြောသည်။ 

“သာမာန် အရပ်သားများနည်းတူ ကောင်းမွန်စွာ ဆက်ဆံခဲ့တယ်” ဟု ဒီးမော့ဆို PDF ကဆိုသည်။

“သူတို့ကတော့ ပြည်မက လူတွေ၊ တပ်ကြပ်ကြီးမိသားစုက ၁၀ နှစ်ကျော်ပြီ မယ်စဲ့ဘက်ကို ရောက်တာ၊ ခုတော့သူတို့သွားချင်တဲ့ နေရာလောက်ပဲ ပြန်ပို့ပေးလိုက်ပါတယ်” ဟု  ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။ 

လက်ရှိတွင် မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စိုးမိုးထားပြီး စစ်ကောင်စီတပ်မှ ၎င်းတို့ပြန်လည် စိုးမိုးနိုင်ရေး ကြိုးပမ်းနေသည်။ 

 ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ဒီးမော့ဆိုမြို့နယ်မှ အင်အားအလုံးအရင်းဖြင့် အပြင်းအထန် စစ်ကြောင်းထိုးနေသဖြင့် လတ်တလောတွင် ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

မယ်စဲ့မြို့နှင့် ဖားဆောင်းမြို့များတွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင်း ထိုင်း-ကရင်နီနယ်စပ်သို့ စစ်ဘေးရှောင် ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့မှာ နေရပ်ပြန်နေကြပြီဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required